ပေကျင်း မတ် ၉

 

တရုတ်၊ အီရန်နှင့် ရုရှားရေတပ်တို့သည် မတ်လတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ကြေညာချက် ထုတ်ပြန်သည်။

 

"Security Belt-2025" ဟု အမည် ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုကို အီရန်ဆိပ်ကမ်း ချာဘာဟာအနီး၌ ပြုလုပ်ရန်စီစဉ်ထားကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ တရုတ်ရေတပ်တွင် ဖျက်သင်္ဘောတစ်စင်းနှင့် ထောက်ပံ့ရေး သင်္ဘောတစ်စင်း ပါဝင်ကြောင်း သိရသည်။

 

အဆိုပါ စစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် ရေကြောင်းပစ်မှတ်များကို ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်မှု၊ ပျက်စီးဆုံးရှုံးမှု ထိန်းချုပ်ရေးအပြင် ပူးတွဲရှာဖွေရေးနှင့် ကယ်ဆယ်ရေးတို့ ပါဝင်သည်။

 

ပူးတွဲစစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ စစ်ရေးအရ အပြန်အလှန်ယုံကြည်မှုခိုင်မာစေရန်နှင့် အဆိုပါသုံးနိုင်ငံ၏ ရေတပ် တပ်ဖွဲ့များကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ဖြစ်ကြောင်း တရုတ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်