ဗျူနိုအေရိစ် မတ် ၉

 

အာဂျင်တီးနားနိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ဘာဟီရာ ဘလန်ကာတွင် မတ် ၇ ရက်က အင်အားပြင်းထန်သည့် မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ရာ သေဆုံးသူ ၁၃ ဦးအထိ ရှိလာသည် ဟု ဒေသခံအာဏာပိုင်များက မတ် ၈ ရက်တွင် ပြောသည်။

 

ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သည့်အတွက် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်သေးသည်ဟု သတိပေးထားသည်။ မုန်တိုင်းကြောင့် ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး မြို့ပတ်ဝန်းကျင် ဧရိယာနှင့် မြို့အတွင်းကို ပိတ်ထားခဲ့ရသည်။ လူဦးရေ ၁၀၅၉ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ဒေါက်တာ ဂျို့စ်ပန်နာ အထွေထွေ ရောဂါကု ဆေးရုံတွင် ရေကြီးမှုဖြစ်ပေါ်ခဲ့သည့်အတွက် မွေးကင်းစကလေးငယ်များ အပါအဝင် လူနာများကို နေရာရွှေ့ပြောင်းပေးခဲ့ရသည်။ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများကို အာဂျင်တီးနား အစိုးရက ဖြန့်ကြက်ထားပြီး အမျိုးသားနှင့် ပြည်နယ်တာဝန်ရှိသူများက ကယ်ဆယ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

မြို့ကိုပြန်လည်တည်ဆောက်ရန် လိုအပ်သည်ဟု ဗျူနိုအေရိစ် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ကာလို့စ်ဘီအန်ကိုက ပြောသည်။ လူအချို့မှာ အရာအားလုံးဆုံးရှုံးခဲ့ရသည်ဟု ၎င်းကဆက်ပြောသည်။ မုန်တိုင်းအရှိန်ကြောင့် နာရီပိုင်း အတွင်းမိုးရေချိန် ၁၁ ဒသမ ၈ လက်မမှ ၁၃ ဒသမ ၈ လက်မ အထိ ကျဆင်းခဲ့ပြီး ၁၉၃၃ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှုအဖြစ် စံချိန်တင်ခဲ့သည်။

 

ဆင်ဟွာ