မတ် ၁၀

အာဂျင်တီးနားနိုင်ငံတောင်ပိုင်း ဘာဟီရာဘလန်ကာဆိပ်ကမ်းမြို့တွင် မတ်လ ၇ ရက်က ပြင်းထန်သောမုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိလာကြောင်း ဒေသန္တရအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အဆိုပါမုန်တိုင်းသည် ယင်းမြို့နှင့်အနီးဝန်ကျင်မြို့များတွင် တိုက်ခတ်ခဲ့သဖြင့် သေဆုံးသူအရေအတွက် ပိုမိုများပြားလာနိုင်သည်ဟု ဘာဟီရာဘလန်ကာမြို့တော်ဝန်ကဆိုသည်။

ဒေသခံများအနေဖြင့် လှုပ်ရှားဆောင်ရွက်မှုများရပ်နားထားပြီး မိမိတို့နေအိမ်မှာနေထိုင်ကြရန် တိုက်တွန်းပြောကြား ထားသည်ဟု ၎င်းကထပ်လောင်းပြောသည်။

လူပေါင်း ၁၄၅၀ ထက်မနည်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းထားပြီး အခြားပျောက်ဆုံးနေဆဲဦးရေ ၁၀၀ ရှိကြောင်း ဖော်ပြထားသည်။

မတ်လ ၇ ရက်က မိုးသက်မုန်တိုင်းတိုက်ခတ်မှုသည် ထိုမြို့၏သမိုင်းတွင် အပြင်းထန်ဆုံးသောမုန်တိုင်းဖြစ်ကာ ၁၉၃၃ ခုနှစ်က စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှုကို စံချိန်ချိုးတိုက်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို