နေပြည်တော် မတ် ၁၁
၁၃၈၆ ခုနှစ် တပေါင်းလပြည့်နေ့တွင်ကျရောက်မည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားတွင်သဘာပတိအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဆောင်ရွက်ပြီး အခမ်းအနားကို နဝရတ် ကတိသစ္စာ သံပြိုင်ရွတ်ဆို၍ ဖွင့်လှစ်သည်။
ထို့နောက် သဘာပတိက မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့ ကျင်းပခြင်း ရည်ရွယ်ချက်မှာ “ပညာရှင် ရှေးဆေးသမား၊ ကျေးဇူးတရား မမေ့ငြား” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူလူထု၏ ကျန်းမာရေးကို တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်ခဲ့ကြသော သမားတော်ကြီးများ၏ ဂုဏ်ကျေးဇူးများ၊ ခက်ခဲနက်နဲသော မြန်မာ့တိုင်းရင်းဆေးပညာရပ်၏ ဂုဏ်ကျေးဇူးများကို လေးစားဂုဏ်ပြုသော အားဖြင့် တပေါင်းလပြည့်နေ့ကို မြန်မာ့တိုင်းရင်းဆေး သမားတော်နေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ တပေါင်းလသည် ဆောင်းဥတုအကုန် နွေဥတုအစ ဖြစ်သောကြောင့် ရာသီဥတုမှာ မပူလွန်း မအေးလွန်းဘဲ ညီညွတ်မျှတသော အချိန်ကာလဖြစ်ပါကြောင်း၊ နေ၊ လ၊ ကြယ်တာရာ၊ (၂၇)လုံးသော နက္ခတ်နှင့် ဂြိုဟ်ကြီး(၉)လုံးတို့ တစ်ပေါင်းတစ်စည်းတည်း ပြည့်စုံစွာထွက်ပေါ်သောအချိန်အခါ လည်းဖြစ်ပါကြောင်း၊ ရွက်ဟောင်းကြွေ၍ တစ်ဖန် ထွက်ပေါ်လာသော ရွက်သစ်များက အာဟာရပြည့်ဝပြီး ဆေးဖက်ဝင်စေကာ သက်ရှိသတ္တဝါများအပေါ် သဘာဝအလျောက် ကျန်းမာရေးညီညွတ်မှုကိုဖြစ်စေခြင်းတို့ကြောင့် တပေါင်းလပြည့်နေ့ကို နေ့ကောင်းနေ့မြတ်အဖြစ် မှတ်တမ်းပြု၍ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ဟု သတ်မှတ်ကာ ခေတ်အဆက်ဆက် သမားတော်ကြီးများက အစဉ်အလာမပျက် ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း။
တိုင်းရင်းဆေးပညာ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ယခင်က တိုင်းရင်းဆေးပညာ ဒီပလိုမာ ချီးမြှင့်ခဲ့ရာမှ နိုင်ငံတော်က ၂၀၀၂ ခုနှစ်တွင် တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်၍ မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာပါရဂူဘွဲ့အထိ အဆင့်ဆင့်တက်လှမ်းနိုင်ရန် စဉ်ဆက်မပြတ် အလေးထားပံ့ပိုးလျက်ရှိပါကြောင်း၊ တိုင်းရင်းဆေးပညာကဏ္ဍကို ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်စေရန် “ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ အာဆီယံ၊ ဘင်း(မ်)စတက်၊ မဲခေါင်” စသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသော ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများတွင် အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပါဝင်တက်ရောက်ဆွေးနွေး ညှိနှိုင်းပြီး တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းဆေး သမားတော်များအနေဖြင့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ၏ ဂုဏ်ပုဒ်မြင့်အောင် အရှိန်အဟုန်ဖြင့် ကြိုးစားကြရမည်ဖြစ်ပြီး အားလုံးဝိုင်းဝန်းကြံဆ၍ မြန်မာ့တိုင်းရင်းဆေးလောက ပိုမိုတိုးတက်အောင် ခေတ်စနစ်နှင့်အညီ ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကြီးသည် တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်ပြီး အောင်မြင်တိုးတက်ပါစေလို့ ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ ကျင်းပရခြင်းနှင့်ပတ်သက်ပြီး တိုင်းရင်းဆေးပညာဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက ရှင်းလင်းပြောကြား၍ သက်ကြီး၊ ဝါကြီး တိုင်းရင်းဆေးသမားတော်ကြီးများအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂါရဝပြု လက်ဆောင်များပေးအပ်ကြပြီး စွမ်းဆောင်ရည်ဆုရ ခုတင်(၅၀)ဆံ့၊ တိုင်းရင်းဆေးရုံ၊ ပဲခူးမြို့မှ ဆေးရုံအုပ် ဦးအောင်စိုးလွင် က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်