နေပြည်တော် မတ် ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းမကြီး (East - West Economic Corridor) ပေါ်ရှိ အတ္ထရံတံတားအသစ် တည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ လုပ်ငန်းတာဝန်ခံက တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီး မှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ခြင်း လုပ်ငန်းခွင်နှင့် စပ်လျဉ်း၍ လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရန် လုပ်ငန်းစီမံချက်အတိုင်း တိကျစွာဆောင်ရွက်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှု အထူးဂရုပြုဆောင်ရွက်ရေးတို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

အတ္ထရံတံတားအဟောင်းသည် သက်တမ်းကြာမြင့်ပြီဖြစ်၍ ခံနိုင်ဝန်အား လျော့နည်းလာခြင်း ကြောင့် အတ္ထရံတံတားအသစ်အား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ သက်သာသော အတိုးနှုန်းချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တံတားအမျိုးအစားသည် သံမဏိကြိုးဆိုင်းတံတား (Cable-Stayed Bridge) ဖြစ်ကြောင်း၊ တံတား အရှည် (၁၅၇၅)ပေ၊ ယာဉ်သွားလမ်းအကျယ် (၄)လမ်းသွားနှင့် ရေလမ်းကင်းလွတ်အမြင့်ပေ (၄၀)၊ ရေလမ်းကင်းလွတ်အကျယ် ပေ(၄၀၀)ရှိကာ တံတား၏ ခံနိုင်ဝန်သည် ယာဉ်တစ်စီးချင်း ၆၀ တန် ဖြစ်ကြောင်း သိရှိရသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မော်လမြိုင်တက္ကသိုလ်တွင် Recreation Center အဆောက်အဦ တည်ဆောက်မည့်မြေနေရာ၊ အဆောက်အဦနေရာဝင်ဆံ့မှုနှင့် တည်ဆောက် မည့်ပုံစံများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌  မွန်ပြည်နယ်ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် တည်ဆောက်ရေး အထူးအဖွဲ့များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများနှင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင် - ဘားအံလမ်း ပြုပြင်ထိန်း သိမ်းထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဘားအံမြို့၌ ကရင်ပြည်နယ်ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် တည်ဆောက်ရေးအထူးအဖွဲ့များတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းပိုင်းဆိုင်ရာများနှင့် အုပ်ချုပ်မှုပိုင်းဆိုင် ရာကိစ္စရပ်များကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြဆွေးနွေးချက်အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်