နေပြည်တော် မတ် ၁၀
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ၎င်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်အစိုးရ၏ ပညာရေးစနစ်ကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး) မှ ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) များ ပြုလုပ်ကာ ပြည်ပတက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေး၍ လိမ်လည်ဆောင်ရွက် လျက်ရှိကြောင်း၊ ၎င်းတို့အပေါ် ယုံကြည်ခဲ့သည့် ကျောင်းသားကျောင်းသူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာသင်ကြားရန် လျှောက်ထားရာတွင် စာရွက်စာတမ်းများ၊ ဘွဲ့လက်မှတ်များမှာ တရားဝင်မှုမရှိသောကြောင့် သက်ဆိုင်ရာတက္ကသိုလ်များမှ လက်မခံသည့်အတွက် ကျောင်းတက်ရောက်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ကေဇင်ထွန်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ ဆေးတက္ကသိုလ် (မန္တလေး) ၌ ပညာသင်ကြားခဲ့ပြီး ကလေးဆေးရုံကြီး (မန္တလေး)နှင့် မန္တလေးဗဟို အမျိုးသမီးဆေးရုံကြီးတို့တွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် တွင် ဆေးတက္ကသိုလ် (မန္တလေး) မှ ဆေးပညာဘွဲ့လက်မှတ်ရရှိခဲ့ပြီး ဆက်လက်တာဝန်ထမ်းဆောင် ခဲ့ခြင်းမရှိဘဲ ပြည်ပသို့ တရားမဝင်ထွက်ခွာသွားခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)၊ ယာယီတက္ကသိုလ် ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း (Disloyal Civil Servant-DCS) ဖြစ်သူ ခင်မောင်လွင် (ဆေးတက္ကသိုလ်- မန္တလေး၊ ပါမောက္ခချုပ်အဖြစ်မှ ထုတ်ပယ်ခံထားရသူ)မှ တရားမဝင်ထုတ်ပေးခဲ့သည့် ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန်အတွက် တရားမဝင် လျှောက်ထားခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မတ် ၄ ရက်တွင် ဒူဘိုင်းမြို့ရှိ The Data flow Group Company မှ ကေဇင်ထွန်း၏ ပညာဆက်လက်သင်ကြားရန် လျှောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်အား အတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိဆေးတက္ကသိုလ် (မန္တလေး) သို့ အကြောင်းကြားလာခဲ့ရာ အဆိုပါ ယာယီဆေးပညာဘွဲ့လက်မှတ်အား တာဝန်ရှိသူများကစိစစ်ခဲ့ရာ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင် ဆေးတက္ကသိုလ် (မန္တလေး)မှ ထုတ်ပေးသည့် ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) ဖြစ်ကြောင်း သိရှိရသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ ဆက်လက်သတင်းပို့တင်ပြခဲ့သည်။
ကေဇင်ထွန်း၏ ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) ပြုလုပ်ပေးခဲ့မှုနှင့်ပတ်သက်၍ စိစစ်ရန် အတွက် ၂၀၂၅ ခုနှစ် မတ် ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင် ရှေ့နေ လှဝင်း၊ လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင် ဇာနည်လွင် (ခ) လပြည့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေ ရေးရာဦးစီးဌာန၊ Notary ဌာနစိတ် (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးတို့ ၃ ဦး ကိုလည်းကောင်း၊ မတ် ၆ ရက်တွင် Notary ဌာနစိတ် (ရန်ကုန်) မှ ရုံးအုပ်များဖြစ်ကြသော နိုင်နိုင်လတ်နှင့် မောင်မောင်ချစ်စန်းဦး၊ ကျောက်တံတားမြို့နယ်ရှိ အောင် Notary ဆိုင်ပိုင်ရှင် အေးသီတာနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ Angel Online Notary Service လုပ်ကိုင်သူ အိလဲ့လဲ့ထွန်းတို့ ၄ ဦးကို လည်းကောင်း ထိန်းသိမ်းဆောင်ရွက်ခဲ့သည်။
၎င်းတို့ကို စိစစ်ရရှိချက်များအရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ကေဇင်ထွန်းမှ အိလဲ့လဲ့ထွန်း (Angel Online Notary Service) အား ဆက်သွယ်၍ ၎င်း၏ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး) မှ ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) အား Notary (သက်သေခံချက်) ပြုလုပ်ပေးရန် ငွေကြေးပေး၍စေခိုင်းခဲ့ရာ အိလဲ့လဲ့ထွန်းမှ ကေဇင်ထွန်း၏ ဘွဲ့လက်မှတ် (အတု) အား Notary (သက်သေခံချက်) ပြုလုပ်ရန်နှင့် Notary ဌာနစိတ် (ရန်ကုန်) မှ ထပ်ဆင့်လက်မှတ်ရရှိရန် ဇာနည်လွင် (ခ) လပြည့် (လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင်) အား ငွေကြေးပေး၍ ထပ်မံစေခိုင်းခဲ့ကြောင်း၊ ဇာနည်လွင် (ခ) လပြည့်သည် ၎င်း Notary (သက်သေခံချက်) (အတု) အား ရှေ့နေလှဝင်း (ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင်) ထံသို့ ငွေကြေးပေး၍ ရှေ့နေလက်မှတ်ရေးထိုးစေခဲ့ပြီး အေးသီတာ (အောင် Notary ဆိုင်ပိုင်ရှင်) နှင့်ချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထပ်ဆင့်လက်မှတ်ရရှိနိုင်ရန် ငွေကြေးပေး၍ စေခိုင်းခဲ့ကြောင်း၊ အေးသီတာသည်၎င်း Notary(သက်သေခံချက်) (အတု) အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုတြီဌာနစိတ် (ရန်ကုန်) တွင် လက်မှတ်ရေးထိုးနိုင်ရန် ပွဲစား ခိုင်ခိုင် (ထွက်ပြေးတိမ်းရှောင်) အား ငွေကြေးပေး၍ စေခိုင်းခဲ့ကြောင်း သိရှိရသည်။
ပွဲစား ခိုင်ခိုင် (ထွက်ပြေးတိမ်းရှောင်) သည် ကေဇင်ထွန်း၏ Notary (သက်သေခံချက်) (အတု)အား Notary ဌာနစိတ် (ရန်ကုန်)မှ ထပ်ဆင့်လက်မှတ်ရရှိရန် ရုံးအုပ်မောင်မောင်ချစ်စန်းဦးနှင့် ရုံးအုပ်နိုင်နိုင်လတ်တို့အား ငွေကြေးပေး၍ ဆောင်ရွက်စေခဲ့ကြောင်း၊ ရုံးအုပ်မောင်မောင်ချစ်စန်းဦးနှင့် ရုံးအုပ်နိုင်နိုင်လတ်တို့က Notary (သက်သေခံချက်) (အတု) အား ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးထံသို့ ဆက်လက်တင်ပြခဲ့ကြောင်း၊ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးမှ ငွေကြေးရယူ၍ ၎င်း Notary (သက်သေခံချက်)(အတု)အား လက်မှတ်ရေးထိုးပေးခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့ လက်အောက်ခံ တရားမဝင် ဆေးတက္ကသိုလ် (မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီမှ ထုတ်ပေးခဲ့သည့် တရားမဝင်ယာယီဆေးပညာဘွဲ့လက်မှတ်အတုဖြင့် UAE နိုင်ငံဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ကြားရန် လျှောက်ထားသည့် ကေဇင်ထွန်းအား Black List (အမည်မည်းစာရင်း) ရေးသွင်း၍ ဖော်ထုတ်ဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကေဇင်ထွန်း၏ ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) အား Notary (သက်သေခံချက်) ပြုလုပ်ပေးခဲ့သူများဖြစ်ကြသော အိလဲ့လဲ့ထွန်း (Angel Online Notary Service)၊ ဇာနည်လွင် (ခ)လပြည့် (လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင်)၊ ရှေ့နေ လှဝင်း (ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင်) နှင့် အေးသီတာ (အောင် Notary ဆိုင်ပိုင်ရှင်) တို့ ၄ ဦးကို လည်းကောင်း၊ ၎င်းဘွဲ့လက်မှတ်(အတု) အား ထပ်ဆင့် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ Notary ဌာနစိတ် (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုး၊ ရုံးအုပ်များဖြစ်ကြသော နိုင်နိုင်လတ်နှင့် မောင်မောင် ချစ်စန်းဦးတို့ ၃ ဦးကိုလည်းကောင်း၊ ထွက်ပြေးတိမ်းရှောင်နေသူ ပွဲစားခိုင်ခိုင်အားလည်းကောင်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည်။
မိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ သား/သမီးများအား နိုင်ငံတော်အစိုးရက ဖွင့်လှစ်ထားသော တက္ကသိုလ်များတွင်သာ တက်ရောက်ပညာသင်ကြားစေရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့မှ တရားမဝင်ဖွင့်လှစ်ထားသည့် တက္ကသိုလ်အပါအဝင် ပညာရေးကျောင်းများတွင် စာသင်ကြားမှုများ မပြုလုပ်ရန်၊ ၎င်းတရားမဝင်တက္ကသိုလ်များ၊ ပညာရေး ကျောင်းများ၊ အွန်လိုင်းပညာရေးစနစ်များနှင့် ပတ်သက်၍ သတင်းရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့စေလိုကြောင်း သတင်း ထုတ်ပြန်ထားသည်။
သတင်းစဉ်