မတ် ၁၁

 

ကိုလံဘီယာနိုင်ငံတောင်ပိုင်း နာရီနိုဒေသတွင် မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် လေးဦးသေဆုံးပြီး အိမ်ထောင်စု ၁၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဒေသန္တရအာဏာပိုင်များက ယမန်နေ့က အတည်ပြုပြောကြားသည်။

 

မြို့များစွာတွင် မိုးရွာသွန်းမှုအရေးပေါ်အခြေအနေများဖြစ်ပွားခဲ့သော်လည်း ပါစ်တိုမြို့တွင် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး လေးဦးသေဆုံးကာ ပျက်စီးမှုပြင်းထန်ကြောင်း နာရီနိုအုပ်ချုပ်ရေးမှူးက ဆိုရှယ်မီဒီယာပလက်ဖောင်းအိတ်ချ်တွင် ပြောကြားထားသည်။

 

အဆိုပါမြေပြိုမှုကြောင့် အိမ်ထောင်စု ၄၀၀ ကျော် ထိခိုက်မှုရှိကြောင်းနှင့် လမ်းများစွာပျက်စီးခဲ့ပြီး ရေလှောင်ကန်သုံးခု ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ အာဏာပိုင်များက လမ်းများပေါ်ရှိအပျက်အစီးများကို ရှင်းလင်းလုပ်ဆောင်လျက်ရှိပြီး ရေကားများဖြင့် သောက်ရေများပေးပို့လျက်ရှိသည်ဟု ၎င်းကဆိုသည်။

 

လာခရုဇ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် လူကူးတံတားသုံးစင်း ရေစီးနှင့်မျောပါသွားပြီး အိမ်ထောင်စု ၁၀၀ လည်း ထိခိုက်မှုရှိကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို