နေပြည်တော် မတ် ၁၁
ရာဂီမုန်တိုင်းအရှိန်ဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် မွေးမြူရေး တိရစ္ဆာန်များ အစားထိုးပြန်လည်မွေးမြူနိုင်ရေးနှင့် မွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ကြစေရန် နိုင်ငံတော်အစိုးရက ထောက်ပံ့ဖြည့်ဆည်းပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက်ရပ်ကွက်၌ မွေးမြူရေးတိရစ္ဆာန်များ ပေးအပ်ခြင်းအခမ်းအနားကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်အားပေးသည်။
အခမ်းအနား၌ ဒုတိယဝန်ကြီးက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်း အရှိန်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် မွေးမြူရေးတိရစ္ဆာန်များ၊ ကောက်ပဲသီးနှံများ၊ အဆောက်အဦ များကို ကဏ္ဍအလိုက် ပြန်လည်ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် ဆုံးရှုံးရသည့် မွေးမြူရေးတိရစ္ဆာန်ကောင်ရေများ ပြည့်မီအောင် ဖြည့်ဆည်းပေးလျက်ရှိရာ ယနေ့တွင် တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်မှ မွေးမြူသူ(၅၅)ဦးအတွက် ဒေသနွားအကောင် (၁၁၀)ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ရာ မွေးမြူရေးတောင်သူများအနေဖြင့်လည်း ပြန်လည်ရရှိ သည့် မွေးမြူရေးတိရစ္ဆာန်များကို တိုးပွားလာစေရန်နှင့် မွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာရေး ကြိုးပမ်းပေးကြရန် အားပေးပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက သဘာဝဘေးရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေး တောင်သူ(၅၅)ဦးအတွက် ဒေသနွားအကောင် (၁၁၀)ကိုပေးအပ်ကြပြီး မွေးမြူရေးတောင်သူများ ကိုယ်စား အနော်ရထာရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။
(သတင်းစဉ်)