ဖနောင်ပင်   မတ်   ၁၁

ကမ္ဘောဒီးယားနိုင်ငံ၏   နိုင်ငံတကာကုန်သွယ်မှု ပမာဏသည်   ယခုနှစ်   ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၄ ဘီလီယံရှိလာခဲ့ပြီး ယမန်နှစ်  အလားတူကာလထက်  ၁၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း   ယနေ့ထုတ်ပြန်သည့် မှတ်တမ်းအရ သိရသည်။

ယခုနှစ် ပထမနှစ်လအတွင်း ပြည်ပပို့ကုန်တန်ဖိုး သည် ကန်ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံရှိလာခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၁၁ ဒသမ ၉ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာကာ သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၄ ဒသမ ၉၈ ဘီလီယံရှိလာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကာ ၎င်း၏နောက်တွင် အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ တည်ရှိနေသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်များမှာ အဝတ်အထည်၊   ဖိနပ်နှင့်   ခရီးသွားထုတ်ကုန်၊ စက်ဘီး၊ တာယာ၊  ဆိုလာပြား၊  ရော်ဘာခြောက်၊ ကြိတ်ခွဲပြီးဆန်၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့နှင့် ကွမ်းသီး များဖြစ်ကာ သွင်းကုန်များမှာ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားထုတ်ကုန်၊ ရေနံ၊ ဆောက်လုပ်ရေးပစ္စည်း၊ ဖုန်း၊   ဆိုင်ကယ်နှင့်    လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ဒေသတွင်းပြီးပြည့်စုံသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်နှင့် ကမ္ဘောဒီးယားနှင့်  တရုတ်၊ တောင်ကိုရီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့အကြား ချုပ်ဆိုခဲ့သည့် လွတ်လပ်စွာကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များသည် ကမ္ဘောဒီးယားနိုင်ငံ၏ ရေရှည် ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက် အကူအညီပေးနေကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ   ပန်ဆိုဗီချက်က ပြောကြားသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်များသည် တရုတ်နိုင်ငံနှင့်   ဒေသတွင်းပြီးပြည့်စုံသည့်    စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် အဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာဈေးကွက် တွင် ထိုးဖောက်ဝင်ရောက်ပြီး တင်ပို့မှုများမြင့်တက်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြား သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ