ဘေရွတ် မတ် ၁၁
လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေးတပ်ဖွဲ့များ တပ်စွဲထားခြင်းကို ဟစ်ဇ်ဘိုလာအဖွဲ့က ခွင့်ပြု မည်မဟုတ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ အတွင်းရေးမှူးချုပ် အန်အိန်းကွာဇန်က ယမန်နေ့တွင် ပြောကြားသည်။
အစ္စရေးသည် ပြီးခဲ့သည့်ကာလအတွင်း အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည့် ဆောင်ရွက်ချက် များကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့များသည် လီတာနီမြစ်၏တစ်ဖက်သို့ ဆုတ်ခွာရမည်ဟုပြဋ္ဌာန်းထားသည်။ လက်ဘနွန်နိုင်ငံ၏ ပြည်တွင်းရေးတည်ငြိမ်စေရေးအတွက် ဟစ်ဇ်ဘိုလာအဖွဲ့က ရည်မှန်းဆောင်ရွက်နေကြောင်း ၎င်းကပြောကြားသည်။ အစ္စရေးအား တိုက်ခိုက်နိုင်ရန်အတွက် ဟစ်ဇ်ဘိုလာအဖွဲ့သည် လက်နက်တပ်ဆင်ထားခြင်းဖြစ်ပြီး အစ္စရေး အား ခုခံတိုက်ခိုက်ခြင်းသည် လက်ဘနွန်နိုင်ငံသားများအတွက် နိုင်ငံကာကွယ်ခွင့် အခွင့်အရေး ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ အစ္စရေးက လက်ဘနွန်နိုင်ငံအားတိုက်ခိုက်နေသရွေ့ ဟစ်ဇ်ဘိုလာအဖွဲ့က ခုခံတိုက်ခိုက်မည်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့် ပျက်စီးခဲ့သည့် လက်ဘနွန်နိုင်ငံပြန်လည်တည်ထောင်ရေးလုပ်ငန်းများတွင် ဟစ်ဇ်ဘိုလာအဖွဲ့က ကူညီဆောင်ရွက် မည်ဟု ၎င်းကပြောကြားသည်။
ယမန်နှစ် နိုဝင်ဘာ ၂၇ ရက်တွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြားရရှိခဲ့သည့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်အရ လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာမည်ဟု သဘောတူညီခဲ့သော်လည်း လက်ဘနွန်နိုင်ငံ နယ်စပ်ရှိနေရာများတွင် အစ္စရေးတပ်ဖွဲ့များ တပ်စွဲ ထားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်- စိုးသူရ