နေပြည်တော် မတ် ၁၄

တောင်သူများပူးပေါင်းပါဝင်သော ဆင်းရွှေကြာ- နေကြာမျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ပသီရိမြို့နယ် ဘဲကုန်းစံပြစိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် တက်ရောက်အားပေးသည်။

ကွင်းသရုပ်ပြပွဲ၌ တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက နေကြာသီးနှံသည် စိုက်ပျိုးရေး ဂေဟစနစ် ကောင်း/ကောင်းကို ညွှန်ပြပေးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ပျက်စီးနေသည့် ဂေဟစနစ် ကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်း၊ နေကြာကိုသင့်တော်သည့် သီးနှံပုံစံ တွင် ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ပျား၊ပိတုန်း၊လိပ်ပြာ စသည့်ဝတ်မှုံကူးမှုကို အထောက်အကူပြုသည့် ပိုးမွှားများ များပြားလာကာ သီးနှံများ ပိုမိုအောင်မြင်လာမည်ဖြစ်ကြောင်း၊ သီးလှည့်စိုက်ပျိုးနိုင်ရေး အတွက် မိုးစပါးပြီး စိုက်ပျိုးနိုင်သည့် သီးနှံများကိုစာရင်းပြုစုကာ ပညာရှင်နှင့် တောင်သူများ အားလုံးပူးပေါင်း ညှိနှိုင်း၍ လူထုအခြေပြု သီးလှည့်စနစ်ကို ဆောင်ရွက် နိုင်ရေး စီမံကိန်းရေးဆွဲခြင်း၊ စီမံချက်ချမှတ်ခြင်းများ စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သီးလှည့်စနစ်အောင်မြင်စွာကျင့်သုံးနိုင်စေရန် မျိုးစေ့စနစ်ကို တည်ဆောက်ရ မည်ဖြစ်ကြောင်း။

 အဆိုပါ စီမံကိန်းများ ရေးဆွဲရာတွင် ဒေသ ရေ မြေ ရာသီဥတုအရ ဖြစ်ထွန်းနိုင်ခြင်း၊ ဈေးကွက်ရှိခြင်း၊ ဂေဟစနစ် ပြန်လည်ထိမ်းညှိပေးနိုင်မှု မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပေးနိုင်မှု ပိုးမွှားရောဂါများ၏ သံသရာ ကို ဖြတ်တောက်ပေးနိုင်ရေး စသည့် အချက်များကိုထည့်သွင်း စဉ်းစားရန် လိုကြောင်း၊ ယခုအခါ နိုင်ငံတကာတွင် စပါးအပြီး အစေ့ထုတ်ပြောင်းသီးနှံစိုက်ပျိုးခြင်းသည် အထူး ရေပန်းစားလျက်ရှိကြောင်း၊ စပါးအပြီးမည်သည့်သီးနှံကို စိုက်ပျိုးလုပ်ကိုင်သည် ဖြစ်စေဖြည့်စွက်ရေ ()ကြိမ်ခန့် ပေးသွင်းနိုင်ရေး အထူးအလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သီးနှံများစိုက်ပျိုး ရာတွင် အရင်းကျေသီးနှံများကို ကန်သင်းနှင့် စိုက်ခင်း ဘေးပတ်လည်တွင် စိုက်ပျိုးရေး နှင့် သစ်စိမ်းမြေဩဇာ သီးနှံများကိုလည်း သင့်တော်သည့် နည်းလမ်းဖြင့် ထည့်သွင်းစိုက်ပျိုး သွားရန် ဖြစ်ကြောင်း၊ နေကြာသီးနှံကို မိမိမျိုး မိမိထုတ်သည့်စနစ်ဖြင့် တောင်သူများ ကိုယ်တိုင် မိမိစိုက်ခင်းမှ စံပွင့်များအား မျိုးခံ မျိုးချန်သည့် စနစ်အားနှစ်စဉ် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးတက္ကသိုလ်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ သုတေသီများ၊ ပျဉ်းမနား၊ လယ်ဝေး နှင့် သီရိ()မြို့နယ်တို့မှ တောင်သူများနှင့်အတူ ဆင်းရွှေကြာ- နေကြာမျိုးစေ့ထုတ်စိုက်ခင်း အတွင်း မျိုးခံမျိုးချန် အသုံးပြုနိုင်မည့် စံပွင့်များကိုကြည့်ရှုကြပြီး တောင်သူကြီးများ၏ မေးမြန်းချက် များအပေါ် ဒုတိယဝန်ကြီးနှင့် ပညာရှင်ဝန်ထမ်းများက ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)