နေပြည်တော် မတ် ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်မြို့နယ်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် တက္ကသိုလ်အစည်းအဝေးခန်းမတွင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ စောစန္ဒာအေးက ရန်ကုန် ကွန်ပျူတာတက္ကသိုလ်ကို သတင်းအချက်အလက် နည်းပညာတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့မှုနှင့်တက္ကသိုလ်၏ သမိုင်း ကြောင်းဆိုင်ရာ အချက်အလက်များ၊ ဖွဲ့စည်းပုံ၊ ဘာသာရပ်အလိုက်၊ ပညာသင်နှစ်အလိုက် သင်ကြားပေးလျက်ရှိမှု၊ ပြည်တွင်း ပြည်ပဘွဲ့လွန်သင်တန်း တက်ရောက်ရန် ပညာတော်သင်များ ရွေးချယ်စေလွှတ်လျက်ရှိမှု၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိမှု၊ နည်းပညာအသုံးပြု သင်ကြား သင်ယူမှုနှင့် စီမံခန့်ခွဲမှု စနစ်ဖြင့် သင်ကြားပေးလျက်ရှိမှု၊ ကျောင်းသား ကျောင်းသူများ လုပ်ငန်းခွင်သင်တန်းစေလွှတ်မှု နှင့် အလုပ်အကိုင်ရရှိမှု၊ International Conference on Advanced Information Technologies (ICAIT) တွင် စာတမ်းများတင်သွင်းနိုင်မှု၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် အဆောက်အအုံ တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တက္ကသိုလ်အတွင်း သင်ကြားရေးနှင့် နေထိုင်ရေး ဆိုင်ရာ အဆောက်အအုံလိုအပ်ချက်များနှင့်ပတ်သက်၍ မေးမြန်းပြီး တက္ကသိုလ်အတွင်း ကျောင်းသား ကျောင်းသူများ၏အဆောင်များ နေရာချထားရာတွင် စနစ်တကျဖြစ်ရန်လိုပြီး သင်ကြားရေး ဝန်ထမ်းများ၏ အိမ်ရာများ၊ အဆောင်များကိုလည်း စနစ်တကျထားရှိရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူများ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်နိုင်ရန်အတွက်လည်း စီမံဆောင်ရွက်ပေးသွားရန် လိုကြောင်း၊ ယခု သတင်းအချက်အလက် နည်းပညာတက္ကသိုလ်သည် အစဉ်အလာရှိသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး နိုင်ငံအတွက် အကျိုးပြုနိုင်သည့် သင်ကြားမှုများကို ဆက်လက်ဆောင်ရွက်ပေးစေလိုကြောင်းနှင့် တက္ကသိုလ်အတွင်း သန့်ရှင်း သာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်အတွင်း လှည့်လည်၍ စာကြည့်တိုက်အတွင်းရှိ Digital Library စနစ်၊ လေ့ကျင့်ရေး အထောက်အကူပြု စနစ်၊ AI နည်းပညာသုံး သင်ကြား မှု၊ သင်ယူမှုအထောက်အကူပြု စနစ်တို့ဖြင့် သင်ကြားပို့ချပေးနေမှု များ၊ လက်တွေ့ခန်း K-LAB အတွင်း ကျောင်းသား ကျောင်းသူ များအား လက်တွေ့လေ့ကျင့် သင်ကြားပေး လျက်ရှိမှုနှင့် သင်ကြားမှု၊ သင်ယူမှု အထောက် အကူပြုခန်းများ ထည့်သွင်း တည်ဆောက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာ မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ ရောက်ရှိကြရာ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုးနှင့် ဆရာ ဆရာမများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် တက္ကသိုလ် ပင်မသုံးထပ်ဆောင်ခန်းမ၌ ပါမောက္ခချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်အတွင်း လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား ဆောင်ရွက်ပြီးစီးမှု၊ တက္ကသိုလ်အတွင်း လိုအပ်လျက်ရှိသည့် အဆောက်အအုံများနှင့်လမ်းများ ထပ်မံဖြည့်တင်းတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ တက္ကသိုလ်နယ်နိမိတ်လိုင်း စနစ်တကျရေးဆွဲ သတ်မှတ်ပြီးစီးမှု၊ Recreation Center တည်ဆောက်ရန် Master Plan ၌ ထည့်သွင်းရေးဆွဲထားရှိမှု၊ ကျောင်းပတ်ဝန်းကျင်သာယာလှပရေး၊ ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လာမည့်ပညာသင်နှစ် အတွင်း လိုအပ်သည့် ပြင်ဆင်မှုများကို ယခုထက် ပိုမိုပြည့်စုံစွာဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သွားရန်လိုကြောင်း၊ ကျောင်းအဆောက်အအုံများ တည်ဆောက်ရာတွင် လိုအပ်သည့်အဆောက်အအုံမှာ တက္ကသိုလ်အ င်္ဂါရပ်နှင့်ကိုက်ညီစွာ တည်ဆောက်နိုင်ရေး ကြိုတင် Plan ရေးဆွဲ ဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းပရဝဏ်အတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးရာတွင် စနစ်တကျ စိုက်ပျိုးသွားရန် နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ပင်မသုံးထပ်စာသင်ဆောင်အသစ် တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်များနှင့် ပွဲကြည့်စင်နှင့် ပြေးလမ်းပါ ဘောလုံးကွင်း တည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

လှိုင်သာယာမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေး အလေးထားဆောင်ရွက်သွားရန်လို

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင် ပန်းခြံသို့ရောက်ရှိရာ ပန်းခြံရှင်းလင်းဆောင်ခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်တို့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လှိုင်သာယာမြို့နယ်သို့ ရောက်ရှိစစ်ဆေးစဉ် မြို့ပြဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်ရန် လမ်းညွှန်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လှိုင်သာယာဘုရင့်နောင် ပြည်သူ့ပန်းခြံအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဘက်စုံသုံးအဆောက်အအုံများ၊ ပျော်ပွဲ ရွှင်ပွဲကျင်းပရန် နေရာများ၊ ယာဉ်ရပ်နားရန်နေရာများ၊ ကစားကွင်းများ၊ ရေကူးကန်များအပါအဝင် အများပြည်သူ အပန်းဖြေရန်နေရာများ ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပန်းခြံအတွင်း ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့ မှုနှင့် ပြည်သူအများအပြား ပျော်ရွှင်စွာ လာရောက်ဆင်နွှဲခဲ့မှုများ၊ လှိုင်သာယာမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခင်နှစ် လာရောက် စစ်ဆေးစဉ် လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ လျှပ်စစ်မီးတိုင်များ စနစ်တကျရှိစေရေး ဆောင်ရွက်သွား ရန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများတွင် လိုအပ်ချက်များရှိနေသည်ကို တွေ့မြင်ရကြောင်း၊ ရေထွက်စနစ်များ စနစ်တကျကောင်းမွန်စေရေး ရေနုတ်မြောင်းများ၊ တံတားများကို သတ်မှတ်ချက်များနှင့်အညီ ရေစီး ရေလာကောင်းမွန်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန် ရေးသည် အဓိကဖြေရှင်း ဆောင်ရွက်ပေးရမည့်ကိစ္စတစ်ခု ဖြစ်သဖြင့် အလေးထားဆောင်ရွက်သွားရန် လိုကြောင်း၊ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရေဝင်ရေထွက်ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ မိုးရာသီကာလသို့ မရောက်ရှိမီ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရေထွက်ပေါက်များ စနစ်တကျဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အပိုင်းအလိုက်၊ လုပ်ငန်းဧရိယာအလိုက် တစ်ဆင့်ချင်း စနစ်တကျဖြင့် ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ လှိုင်သာယာမြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံအများ အပြားရှိပြီး အလုပ်လုပ်ကိုင်ကြသူများ အများအပြားနေထိုင်ကြသည်ဖြစ်သဖြင့် ပလက်ဖောင်းများ အဆင့်မီ ကောင်းမွန်ရန်လိုကြောင်း၊ မြို့နယ်အတွင်းစိမ်းလန်း စိုပြည်ရေး၊ သန့်ရှင်းသာယာလှပရေးတို့အတွက် စနစ်တကျ စီမံကိန်းချ၍ ဆောင်ရွက်သွားရန် လိုပြီး မြို့နေပြည်သူလူထုနှင့် ကိုက်ညီသည့် လူနေမှုပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်ပေး နိုင်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ဧရိယာအတွင်း တည်ရှိသည့်အတွက် အဆင့်မီသည့် မြို့ဖြစ်စေရေး၊ မြို့ပြဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရမည် ဖြစ် ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

လိုက်လံကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လှိုင်သာယာမြို့နယ်အတွင်း ရေစီး ရေလာကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်