လွိုင်ကော် မတ် ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် သားသမီး၊ မြေးတစ်စုကမတည်၍ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်ပြည်သူများ စုပေါင်း လှူဒါန်းမှုဖြင့် သီရိမင်္ဂလာ တောင်တော် (တောင်ကွဲ) စေတီ တော် ပြည်လုံးချမ်းသာစေတီ အပါအဝင် စေတီတော်ကိုးဆူနှင့် ရုပ်ပွားတော်မြတ်များအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံပြုပြင် မွမ်းမံခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်း၊ အဘယမုဒြာသိရီရတနာ ဂန္ဓကုဋိတိုက်ဖွင့်လှစ်ခြင်းနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားများကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော်ပရိဝုဏ် အတွင်း ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုး တင်နှင့်တပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို သီရိမင်္ဂလာ တောင်တော် (တောင်ကွဲ) စေတီ တော်ရင်ပြင်၌ပြုလုပ်ရာ ဆရာတော် သံဃာတော်များအား ဥပါသကာများက တံခွန်၊ ကုက္ကား၊ မုလေးပွားများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် သံဃာတော် များက ဗုဒ္ဓါဘိသေကအနေကဇာ တင်ပူဇော်ကာ စေတီတော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ဆက်လက်၍ အဘယမုဒြာ သိရီရတနာ ဂန္ဓကုဋိတိုက်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကိုပြုလုပ်ရာ တပ်နယ်မှူး၊ ပြည်နယ် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ စီးပွားရေးရာ ဝန်ကြီး၊ လူမှုရေးရာဝန်ကြီးတို့က အဘယမုဒြာ သိရီရတနာ ဂန္ဓကုဋိတိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂန္ဓကုဋိတိုက်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချမင်္ဂလာ အခမ်းအနားကို အဆိုပါ ဂန္ဓကုဋိတိုက်၌ကျင်းပရာ ပြည်နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကထံမှ ကိုးပါးသီလခံယူဆောက် တည်ကြကာ ဆရာတော် သံဃာတော်များက အန္တရာယ်ကင်းပရိတ် တရားတော်များရွတ်ပွားပူဇော်ကြသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တပ်နယ်မှတာဝန်ရှိသူများ၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ သီရိမင်္ဂလာတောင်တော်(တောင်ကွဲ) စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌက ပါဝင်လှူဒါန်းခဲ့ကြသည့် စေတနာရှင် အလှူရှင်များအား လှူဒါန်းမှုအစုစုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် သားသမီး မြေးတစ်စုတို့၏ လှူဒါန်းမှုတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ကလည်းကောင်း လွိုင်ကော်တပ်နယ်မှ လှူဒါန်းမှုအတွက် တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြင်ပအလှူရှင်များ၏ လှူဒါန်းမှုအတွက် လူမှုရေးရာဝန်ကြီးက လည်းကောင်း၊ တစ်ဦးချင်းလှူဒါန်းသည့် အလှူရှင်များက လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ လက်ခံရယူကြသည်။
ထို့နောက် ပြည်နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော်ထံမှ အနု မောဒနာတရား နာယူကြည်ညိုကြပြီး ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိသတ်များအား နေ့လယ်စာ စတုဒိသာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယခုကျင်းပပြုလုပ်သည့် သီရိမင်္ဂလာတောင်တော်(တောင်ကွဲ)စေတီတော် ပြည်လုံးချမ်းသာ စေတီအပါအဝင် စေတီတော် ကိုးဆူနှင့် ရုပ်ပွားတော်မြတ်များအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံ ခြင်းအတွက် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုမှာ ငွေကျပ်သိန်း ၅၅၆၀ ကျော်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်