ရန်ကုန် မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ အများပြည်သူ ဖူးမျှော်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မိသားစုမှ လှူဒါန်းထားသော ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်ပွားအား ဗုဒ္ဓါဘိသေက အနေကဇာတင် ပလ္လင်တော်ပင့်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် ပရိဝုဏ်အတွင်း၌ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (ရန်ကုန်) ဒုတိယ ပါမောက္ခချုပ် (စီမံ) ဦးဇော်ဇော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးဇော်ဦးနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်အဖွဲ့များ တက်ရောက် ကြည်ညိုကြသည်။
   
ဦးစွာ ဆရာတော်ကြီးများက ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်ပွားအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ကြပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဆရာတော်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်များ ရွတ်ပွား ချီးမြှင့်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

ထို့နောက် ဆရာတော်များနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တဇောတိဿရထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်ပွားကို စွယ်တော် ကိန်းဝပ်တော်မူမည့် ဂန္ဓကုဋိကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သိရသည်။ 

ကိုကိုဇော်-သတင်းစဉ်