နေပြည်တော် မတ် ၁၇

တနင်္သာရီငါးလုပ်ငန်း သုတေသနရန်ပုံငွေဖြင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြိတ်မြို့ မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ငါးလုပ်ငန်းဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေ ထူထောင် မှု သဘောတူစာချုပ်ပါအပိုဒ် (၁.၁)အရ တနင်္သာရီတိုင်းဒေသကြီးရှိ လုပ်ငန်းရှင်များ ပြည်ပသို့ တင်ပို့သည့် ရေထွက်ကုန်ပစ္စည်းတင်ပို့မှု တန်ဘိုး၏ (၀.၃ မှ ၀.၅%)ကို ဘဏ္ဍာရေးစည်းမျဉ်းစည်း ကမ်းများနှင့်အညီ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ၌ စီမံကိန်း ကာလ ပြီးဆုံးခဲ့ပြီးဖြစ်ကာ သုတေသနရလဒ်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မြိတ်တက္ကသိုလ် အနေဖြင့် တွေ့ရှိချက်များကို ဒေသခံ ခရု ကမာ မွေးမြူသူများထံ နည်းပညာဆိုင်ရာ ဖြန့်ဖြူးမှုများ ဆက်လုပ်လက်လုပ်ဆောင်ရန်နှင့် ဆောင်ရွက်လိုသည့် သုတေသန လုပ်ငန်းများကို ယခုအစည်းအဝေးတွင် တင်ပြအတည်ပြုရန်ဖြစ်ကြောင်း၊ အလားတူ တနင်္သာရီတိုင်းဒေသကြီး၏ ငါးလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကို ဆွေးနွေးသွားကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး နှင့် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က  အွန်လိုင်းစနစ်ဖြင့် တက်ရောက်ဆွေး နွေးကြသည်။ 

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ငါးလုပ်ငန်း ဖိုရမ်၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၊ တနင်္သာရီတိုင်းဒေသကြီး ကမ်းနီးငါးလုပ်ငန်း ရေပြင်အတွင်း MV.SEAFDEC-2 ရေယာဉ်ဖြင့် ငါးသယံဇာတ သုတေသနလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များ၊ ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ငွေစာရင်းများ ရှင်းလင်းတင်ပြခြင်း၊ (Lutjanus spp) ( red snapper)  အား မျိုးဥနှင့် မျိုးရည်များ ရင့်ကျက်လာစေရန် မတူညီသောအစာ၊ ဆေးဝါးများဖြင့် စမ်းသပ်သုတေသနပြုခြင်း၊ ရေသတ္တဝါများ၏ ရောဂါဖြစ်ပွားမှု အခြေအနေများအား စမ်းသပ်သုတေသနပြု စစ်ဆေးဆောင်ရွက်ခြင်း၊ ခရု ကမာ စမ်းသပ်သားဖောက် မွေးမြူခြင်းအပေါ် တွေ့ရှိချက်၊ ဆောင်ရွက်ပြီးစီးမှုများနှင့် အဏ္ဏဝါသိပ္ပံဌာနမှ ဆက်လက်ဆောင်ရွက်လိုသည့် သုတေသနလုပ်ငန်းများ၊ ကလွင်စခန်း အဆင့်မြှင့်တင်နိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို တင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်