နေပြည်တော် မတ် ၁၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းလူငယ်များအတွက် ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နိုင်ငံတော်အနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော "တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး" အချက်ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်စေရေး၊ မသန်စွမ်းလူငယ်များ လူ့အဖွဲ့ အစည်းအတွင်း ပါဝင်မှုအပေါ် ပိုမိုလေးနက်စွာ နားလည်အသိအမှတ်ပြုနိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရေးအတွက် ရည်ရွယ်၍ဖွင့်လှစ်ပေးသည့် သင်တန်းဖြစ်ပါကြောင်း။  

သင်တန်းတွင် စာတွေ့/လက်တွေ့အနေဖြင့် ခေါင်းလျှော်ရည်၊ Hand Gel ၊ ဆပ်ပြာရည်မျိုးစုံ၊ အိမ်သုံး ဆပ်ပြာခဲပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်၍ မသန်စွမ်းလူငယ်များ အိုးမကွာ အိမ်မကွာ အရင်းအနှီးနည်းနည်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ပြီး လူသုံးကုန်ပစ္စည်း များကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရောင်းချခြင်းအားဖြင့် မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းကပံ့ပိုးကူညီနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းနည်းပြဆရာများကလည်း သင်တန်း သားမသန်စွမ်းလူငယ်များကို စိတ်ရှည်ရှည်ဖြင့် သင်ကြားပို့ချပေးသွားရန်နှင့် သင်တန်းသားများကလည်း ကြိုးစားလေ့လာသင်ယူသွားကြရန် တိုက်တွန်းပြောကြားသည်။ 

အဆိုပါ သင်တန်းကို မတ် ၁၇ ရက်မှ ၂၁ ရက်အထိ တပ်ကုန်းမြို့နယ်၊ ပြည်သူ့အားကစားကွင်း၌ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ နည်းပြဆရာမ ဒေါ်ခိုင်ခိုင်မော်နှင့် ဒေါ်မြင့်သန္တာကျော်တို့က မသန်စွမ်းလူငယ်သင်တန်းသား ၃၀ ကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်