တာချီလိတ် ၁၀ မတ်
တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ဝင်ရောက်လည်ပတ်လျက်ရှိရာ မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၂၀၄၇ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။

နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှ ရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန် ဝင်ရောက်လျက်ရှိရာ တာချီလိတ် နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား ၁၉၅၆၇ ဦးနှင့် တတိယနိုင်ငံသား (နိုင်ငံခြားသား) ၂၀၃ ဦး၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂၁၂ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားအပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၂၀၆၅ ဦးတို့ ဝင်ရောက် လည်ပတ် ခဲ့သည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၉၆၆၃၆၈ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံခရီးစဉ်အဖြစ် ခရီးသည် ၁၂၅၈၀ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းပိုင်းခရီးစဉ်သို့ ၃၂၀၁၄ ဦး စုစုပေါင်း ၁၀၁၀၉၆၂ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ဖြိုးလေး(တာချီလိတ်)

