မတ် ၁၈

ဟွန်ဒူးရပ်စ်နိုင်ငံမြောက်ပိုင်း ရိုအာတန်ကျွန်းမှလေယာဉ်ငယ်တစ်စင်းပျံတက်စဉ် ထိန်းချုပ်မှုပြတ်တောက်ကာ ပျက်ကျမှုဖြစ်ပွားခဲ့သဖြင့် လူခြောက်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဟွန်ဒူးရပ်စ်အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးကပြောကြားခဲ့သည်။

အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းသုံးဦးနှင့် ခရီးသည် ၁၅ ဦးအပါအဝင် ၁၈ ဦး လိုက်ပါလာသည်ဟု သိရသည်။ ထိုလေယာဉ်ပျံတက်စဉ်တွင် အင်ဂျင်ပါဝါပြတ်တောက်ခဲ့ပြီး လေယာဉ်ကွင်းဘေး ၁ ကီလိုမီတာအကွာရှိ ပင်လယ်ထဲသို့ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဟွန်ဒူးရပ်စ်နိုင်ငံ၏ ၉၁၁ အမျိုးသားအရေးပေါ်စနစ်ဆိုင်ရာ သမ္မတကော်မရှင်နာ မီရိုဆဗာဆာပါ့စ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယင်းလေယာဉ်သည် ရိုအာတန်ကျွန်းရှိ Juan Manuel Galvez အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လာစီဘာမြို့သို့ ပြည်တွင်းခရီးစဉ်ပျံသန်းလျက်ရှိသော လန်ရှ်ဆာကုမ္ပဏီ၏လေယာဉ်ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို