နေပြည်တော် မတ် ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မတ် ၁၆ ရက်တွင် မြိတ်တက္ကသိုလ်ရှိ အဏ္ဏဝါသိပ္ပံဌာနတွင် တနင်္သာရီ ငါးလုပ်ငန်းသုတေသနရန်ပုံဖြင့် ဆောင်ရွက်လျက်ရှိသည့် ခရု ကမာ စမ်းသပ်သားဖောက်မွေးမြူခြင်း သုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် နှင့် အဏ္ဏဝါသိပ္ပံဌာန ပါမောက္ခဌာနမှူး က ခရုညို၊ စားကမာ၊ ဂျင်းခရုဖြူ၊ ခရင်းကမာတို့ကို စမ်းသပ်သားဖောက်ခဲ့သော နည်းစနစ်များနှင့် အသားတိုး မွေးမြူသော နည်းစနစ်များကို သုတေသနပြုလုပ်ခဲ့မှု ၊ ခရုကမာမွေး မြူရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့မှု၊ သုတေသနစာတမ်း ပြုစုပြီးစီးမှုနှင့် စား ကမာ မွေးမြူထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက မွေးမြူရေးရေလုပ်ငန်းထွက်ကုန် ပစ္စည်းများမှ ပြည်တွင်း စားသုံးမှု ဖူလုံစေရေးနှင့် ပို့ကုန်ကဏ္ဍမှ နိုင်ငံခြားငွေ တိုးတက်ရရှိစေရန် ၊ ရေနေသတ္တဝါဆိုင်ရာ မျိုးရိုးဗီဇ နှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်ရေးတို့အတွက် သုတေသနလုပ်ငန်းများဖြင့် အကျိုးပြုနိုင်ရေး တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး စားကမာ မွေးမြူထားရှိမှုနှင့် စားကမာ အစာသုတေသနပြု ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ဗဲင်(န်)တေ့(ချ်) ကုမ္ပဏီလီမိတက်၊ ခိုင်ဇင်ယော်ကုမ္ပဏီလီမိတက်နှင့် ထူးထူးတိုးကုမ္ပဏီလီမိတက်တို့၏ ငါးအမှုန့်ကြိတ်စက်ရုံများ၏ ပါကေးငါး (ကုန်ကြမ်း)များ ရေရှည်ရရှိနိုင်ရေးအတွက် လုပ်ဆောင်ထားမှုနှင့် ငါးအမှုန့်ကြိတ်လုပ်ငန်း ၏ ထုတ်လုပ်အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ငါးအမှုန့်ကြိတ်လုပ်ငန်း ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်းကဏ္ဍအလိုက် သတ်မှတ်ပြဌာန်းထားသည့် ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)