ရန်ကုန်  မတ်  ၁၈

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက် များနှင့်အညီ အများပြည်သူ၏ လူ့အခွင့်အရေး အသိပညာမြင့်မားလာစေရန် ရည်ရွယ်၍ လူ့အခွင့် အရေးဆိုင်ရာအသိပညာပေး ဆွေးနွေး‌ဟောပြောပွဲများ၊ အလုပ်ရုံ ဆွေးနွေး ပွဲများ၊ သင်ခန်းစာပို့ ချမှုများ၊ စာအုပ်စာတမ်းများနှင့် သတင်းအချက်အလက်များ ဖြန့်ချိခြင်းတို့ကို ဆောင်ရွက်လျက် ရှိရာ ၂၀၂၅ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုများအတွက် ရှေ့လုပ်ငန်းစဥ်မူဘောင်အရ နှစ်စဥ် လုပ်ငန်းစီမံချက်ကို အကောင် အထည် ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာ့ လုပ်အား ရှင်များ လူ့အခွင့်အရေးအသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူ့အခွင့်အရေး ဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲကို  ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြု ဗဟိုဌာနခန်းမ၌  ကျင်းပသည်။

 

 ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အမှုဆောင် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဝန်ထမ်းများနှင့် ကြက်ခြေနီ စေတနာ့လုပ်အားရှင်များ တက်ရောက်သည်။

 

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌက လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေး နွေးပွဲ ကျင်းပခြင်းနှင့်စပ်လျဥ်း၍ ကျေးဇူးတင်စကားပြောကြားသည်။

 

 ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးအခြေခံ အယူအဆအကြောင်းနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေး၏ ကျယ်ပြန့်နက်ရှိုင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးများ အကြောင်းတို့ကို လည်းကောင်း၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်မိမိခိုင်က ကြက်ခြေနီလုပ်ငန်းနှင့် လူ့အခွင့်အရေး ဆက်နွှယ်မှု ကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းဆွေးနွေး ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)