ရန်ကုန် ၁၀ မတ်
မတ်လအတွင်း ရောင်းချနေသော နှစ်ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်များကို အာမခံငွေ (Deposit) များပေးသွင်းပြီး သဘောတူစာချုပ် ချုပ်ဆိုဝယ်ယူနေသော ထီဝယ်ယူခွင့်ရရှိသူများအနက် အချို့သည် သတ်မှတ်ရက်အတွင်း ဝယ်ယူရန် ပျက်ကွက်မှုရှိခဲ့သဖြင့် သဘောတူစာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ အာမခံငွေ သိမ်းယူရမည့် အခြေအနေများ ဖြစ်ပေါ်ပြီး ထီစာအုပ်များ ရောင်းချရန်ကျန်ရှိနေသည်။
ထီလက်မှတ်များကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချ၍ ပြင်ပတွင် ထီဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် နှစ်ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန်ထီနှင့် (၂၅)ကြိမ်မြောက် ကျပ် ၅၀ဝ တန် ထီလက်မှတ်တို့ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ထပ်မံဝယ်ယူလိုပါက ဘဏ်ငွေသွင်းချလံဖြင့် ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲတွင် မတ် ၂၂ ရက်အထိ ရုံးဖွင့်ရက်များတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မတ်လ ၈ ရက်နေ့စွဲဖြင့် နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြထားသည်။
ဖေဖော်ဝါရီလအတွင်း ရောင်းချခဲ့သော ပထမအကြိမ် ကျပ် ၁၀ဝ၀ တန်ထီလက်မှတ်ပေါင်း ၃၅၉၉၉၉၂၀ ပါ ထီစာအုပ်ပေါင်း ၃၂၇၂၇၂၀ ရှိသည်ဟု ဖေဖေါ်ဝါရီ ၁၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြခဲ့သည်။
ယင်းလအတွင်း ထီဈေးကွက်တွင် ဝယ်လိုအားထက် ရောင်းလိုအားများနေသဖြင့် ဖေဖော်ဝါရီလ ဒုတိယပတ်ကုန်ဝန်းကျင်မှစ၍ ပြင်ပထီဈေးကွက်တွင် ထီဈေးနှုန်းများ စတင်ကျဆင်းလာခဲ့သည်။ ထီဖွင့်ရက် မတ် ၁ ရက် မတိုင်မီ ဖေဖေါ်ဝါရီ နောက်ဆုံးရက် လမ်းမတော်မြို့နယ် မဟာဗန္ဓုလလမ်းရှိ အထိုင်ထီဆိုင်အချို့တွင် ကျပ် ၁၀ဝ၀ တန်ထီ တစ်စောင် ၇၀ဝ ကျပ်ဟု စာတမ်းချိတ်ရောင်းချခဲ့သည်။ ယင်းမြို့နယ်အတွင်းရှိ လမ်းများတွင် လှည့်လည်ရောင်းချသော လက်ပွေ့ရောင်းချသူအချို့မှာ ကျပ် ၁၀ဝ၀ တန်ထီတစ်စောင်လျှင် ကျပ် ၅၀ဝ နှုန်း၊ ကျပ် ၅၀ဝ တန် ထီတစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့သည်ဟု လမ်းမတော် ၁၂ လမ်းနေ ကိုဇော်ထွန်းက ပြောဆိုသည်။
နှစ်ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန်တွင်လည်း ပထမအကြိမ်ကဲ့သို့ ထီလက်မှတ်အက္ခရာ အလုံး ၄၀၊ (၂၅)ကြိမ်မြောက် ကျပ် ၅၀ဝ တန်တွင် ၂၄ ကြိမ်ကဲ့သို့ ထီလက်မှတ်အက္ခရာအလုံးရေ ၁၂ လုံး ထုတ်ဝေရောင်းချခဲ့ရာ ထီစာအုပ်ဝယ်ယူလိုသူများ၏ လျှောက်ထားမှုအပေါ် ၁၇ ရာခိုင်နှုန်းကို နိုင်ငံတဝှမ်းလုံးသို့ ဖြန်ဖြူးရောင်းချခဲ့သည်ဟု မတ်လ ၈ ရက်နေ့ ထုတ်ပြန်ခဲ့သော ထီရုံး၏ အသိပေးချက်အရ သိရသည်။
မတ်လအတွင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ နောက်ဆုံးထီ ရောင်းချရက်ဖြစ်သော မတ် ၂၂ ရက် နောက်ပိုင်းတွင် နှစ်ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန်နှင့် (၂၅)ကြိမ်မြောက် ကျပ် ၅၀ဝ တန် ထီလက်မှတ်များ ရောင်းချခဲ့ရသည့် အရေအတွက်ကို သက်ဆိုင်ရာမှ အသိပေးလာနိုင်သည်။
ကျပ် ၅၀ဝ တန် ထီလက်မှတ်တစ်မျိုးတည်း ရောင်းချခဲ့သည့်ကာလအတွင်း ၂၀၁၇ ခုနှစ် နှစ်လယ်နောက်ပိုင်း သတ်မှတ်ရက်အတွင်း ရောင်းမကုန်သည့် ထီစာအုပ်အကျန်များရှိကြောင်း နိုင်ငံပိုင်သတင်းစာတွင် အသိပေးသည့် လအချို့ရှိခဲ့သည်။
ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်တစ်စောင်၏ အရင်းဈေးနှုန်းမှာ ၉၁၀ ကျပ်နှုန်း၊ ကျပ် ၅၀ဝ တန် ထီလက်မှတ်တစ်စောင်၏ အရင်းဈေးမှာ ၄၅၅ ကျပ်ဖြစ်သော်လည်း ယခု မတ်လ ၁ ရက် ပြင်ပထီဈေးကွက်တွင် ကိုယ်စားလှယ်လက်ကားဈေးကျပ် ၁၀ဝ၀ တန် ထီတစ်စောင်လျှင် ၈၅၀ ကျပ်နှုန်းရှိရာမှ မတ်လ ၉ ရက်တွင် ၇၀ဝ ကျပ်နှုန်း၊ ထီရောင်း လက်ပွေ့သမားများက တစ်စောင်လျှင် ကျပ် ၈၀ဝ နှုန်းဖြင့် ရောင်းချနေသည်ဟု လက်ပွေ့ထီရောင်းသူ ဦးမိုးက ဆိုသည်။
လမ်းမတော်မြို့နယ် မဟာဗန္ဓုလလမ်းပေါ်ရှိ အထိုင်ထီဆိုင်အချို့တွင်ကျပ် ၁၀ဝ၀ တန် ထီတစ်စောင် ၉၀ဝ ကျပ် စာတမ်းချိတ် ရောင်းချနေသည်ကို မြင်တွေ့ရသည်။ မတ်လဆန်းပိုင်းတွင် ရောင်းအားကောင်း နာမည်ကြီး ထီဆိုင်အမည်တပ် အထိုင်ထီဆိုင်များတွင် ကျပ် ၁၀ဝ၀ တန် ထီ ၁၀ စောင်ဝယ်လျှင် ကျပ် ၅၀ဝ တန်ထီတစ်စောင် လက်ဆောင်ပေးသည်ဟု အသိပေးစာများ မြင်တွေ့ရသော်လည်း မတ်လ ၉ ရက်တွင် မမြင်တွေ့ရဟု ထီဆိုင်အနီးနေ ကိုမင်းမင်းက ဆိုသည်။
အာမခံငွေများ ပေးသွင်းပြီး သဘောတူစာချုပ် ချုပ်ဆိုကာ ထီလက်မှတ်များ ဝယ်ယူခွင့်ရသူများ ယခုမတ်လအတွင်း ထီစာအုပ် ထုတ်ယူမှု နည်းနေသည်ဟု ဘိုကလေးမြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးတွင် ကျပ် ၅၀ဝ တန် ထီစာအုပ် အနည်းငယ်ထုတ်ယူခွင့် လျှောက်ထားထုတ်ယူနေသူ ကိုဌေးနိုင်က ပြောဆိုသည်။
ဖေဖေါ်ဝါရီလအတွင်း ပြင်ပထီဈေးကွက်တွင် ထီကိုယ်စားလှယ် လက်ကားဈေးနှ်ုးများ ကျဆင်းမှုတန်ဖိုးများပြားခဲ့၍ အရင်းဈေးနှုန်း ၉၁၀ ကျပ်၏ ထက်ဝက်ဖြစ်သော ၄၅၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရခြင်းရှိခဲ့သည်။
အာမခံငွေမှာ ကျပ် ၅၀ဝ တန်ထီ ၁၁ စောင်ပါ ထီတစ်အုပ်လျှင်ကျပ် ၁၀ဝ နှုန်း၊ ကျပ် ၁၀ဝ၀ တန်ထီစာအုပ် တစ်အုပ်လျှင် ကျပ် ၂၀ဝ နှုန်းရှိပြီး အာမခံငွေကို သုံးလစာပေးသွင်းရသည်ဟု သိရသည်။
သို့ဖြစ်ရာ ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်တစ်အုပ်လျှင် ပေးသွင်းရသည့် အာမခံငွေမှာ ကျပ် ၆၀ဝ သာရှိ၍ ကျပ် ၁၀ဝ၀ တန်ထီ တစ်စောင်အတွက် ထုတ်ယူခွင့်ရရန် အာမခံပေးသွင်းရငွေမှာ ၅၅ ကျပ်ဝန်းကျင်သာရှိသည်။
ထီလက်မှတ်ဝယ်ယူခွင့်ရသူအချို့သည် သတ်မှတ်ရက်အတွင်း ဝယ်ယူရန် ပျက်ကွက်ခဲ့ပါက သဘောတူစာချုပ်ပါ စည်းကမ်းချက်နှင့်အညီ အာမခံငွေ သိမ်းယူမည့် အခြေအနေရှိသည်ဟု သက်ဆိုင်ရာမှ အသိပေးလာရာ ယင်းသို့ အာမခံသိမ်းခံရလျှင် ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်တစ်စောင် ထုတ်ယူခွင့်အပေါ် ငွေကြေးအားဖြင့် ၅၅ ကျပ်ဝန်းကျင်သာ ဆုံးရှုံးနိုင်သည်။
လက်ရှိပြင်ပ ကျပ် ၁၀ဝ၀ တန် ထီဈေးကွက်အနေအထားအရ ပထမအကြိမ် ကျပ် ၁၀ဝ၀ တန်ထီရောင်းချသည့် ၂၀၁၉ ဖေဖော်ဝါရီလအတွင်း ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်တစ်စောင်လျှင် ရောင်းချရသည့် ရက်ပေါ်မူတည်၍ ကျပ် ၁၀ဝ မှ ကျပ် ၄၅၀ ဝန်းကျင်အထိ ထီထုတ်ယူခွင့် ရသူအချို့ အရှုံးပေါ်ခဲ့သည်ဟု ပြင်ပထီဈေးကွက် သတင်းများအရ သိရသည်။
ယခုမတ်လအတွင်း နှစ်ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန်ထီ ထုတ်ဝေရောင်းချချိန်တွင် ထီစာအုပ် ဝယ်ယူရန် ပျက်ကွက်၍ အာမခံငွေသုံးလစာ ဆုံးရှုံးခံလျှင် ကုန်ကျမည့်ငွေကြေးပမာဏသည် ဖေဖေါ်ဝါရီလအတွင်း ကြုံတွေ့ခဲ့ရသောကျပ် ၁၀ဝ၀ တန်ထီပြင်ပဈေး ကျဆင်းခြင်းကြောင့် ခံစားရသော ငွေကြေးအဆုံးအရှုံးထက် များစွာနည်းသည့်အတွက် နှစ်ကြိမ်မြောက် ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်များကို ထုတ်ယူခွင့်ရသူများအနေဖြင့် ထုတ်ယူသည့် ထီစာအုပ်အရေအတွက်သည် ဖေဖေါ်ဝါရီလထက် နည်းနိုင်သည်။
မတ်လအတွင်း ကျပ် ၁၀ဝ၀ တန် ထီလက်မှတ်များအနေဖြင့် ဝယ်လိုအားထက် ရောင်းလိုအား များပြားနေခြင်း လျော့နည်းသွားနိုင်မည်ဖြစ်၍ ဖေဖေါ်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သည့် ထီလက်မှတ်များ ပြင်ပထီဈေးကွက်တွင် ကိုယ်စားလှယ် လက်ကားဈေးသည် အရင်းဈေးနှုန်း၏ ထက်ဝက်ဝန်းကျင်အထိ ကျဆင်းခဲ့သည့် အနေအထားမျိုး ယခုမတ်လ ထီဈေးကွက်တွင် ကြုံတွေ့လာနိုင်မှု နည်းနိုင်သည်ဟု ပြင်ပထီဈေးကွက်တွင် သုံးသပ်ပြောဆိုမှုများအရ သိရသည်။
ခင်ဆိုင်


