နေပြည်တော် မတ် ၁၈
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းဌာနခွဲနှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်းများမှတစ်ဆင့် ကူးစက်တက်သောရောဂါများ ကာကွယ်နှိမ်နင်း ရေးဌာနစိတ်တို့မှ (၂၀၂၄)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများအတွက် နှစ်ပတ်လည်လုပ်ငန်း ဆန်းစစ်အစည်းအဝေးနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနစိတ်၏ ရောဂါဖြစ်သူနှင့် အနီးကပ်ထိတွေ့သူ များအား (Single Dose Rifampicin) ဆေးတိုက်ကျွေးခြင်း ဖြင့်ကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်ရန် ဗဟိုအဆင့်အသိပေး ဆွေးနွေးပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်း၊ ကာကွယ်ဆေးအကြိမ် ပြည့် (သို့မဟုတ်) လုံးဝထိုးနှံတိုက်ကျွေးခြင်း မပြုရသေးသော အသက် (၅)နှစ်အောက် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်း၊ အစုအဝေးဖြင့် နေထိုင်သည့်နေရာများမှ ကလေးများအတွက် အသက် (၁၅)နှစ်အထိ သတ်မှတ်ပြီး Special Immunization Activities ဆောင်ရွက်ခြင်းလုပ်ငန်း၊ ကာကွယ်ဆေးနှင့် ကာကွယ်၍ရသော ရောဂါများ အစုလိုက်ဖြစ်ပွားချိန်တွင် ဆောင်ရွက်သည့် တုံ့ပြန်ကာကွယ်ဆေးထိုးနှံခြင်း (Outbreak Response Immunization)၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အတူ (၂၀၂၄)ခုနှစ်နှင့် (၂၀၂၅)ခုနှစ် နှစ်စပိုင်းတွင် ငှက်ဖျားရောဂါကူးစက်ဖြစ်ပွားမှုကို လျှော့ချနိုင်ရန် အတွက် ငှက်ဖျားတိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး “ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှုလျှော့ချနိုင်ရေး (၆)လ စီမံချက်”ကို ရေးဆွဲပြီးဖြစ်သဖြင့် အမြန်အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ (၂၀၂၃)ခုနှစ်နှင့် (၂၀၂၄)ခုနှစ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား သေဆုံးမှု သိသိသာသာကျဆင်းခဲ့ပါကြောင်း၊ ရောဂါကာကွယ် နှိမ်နင်းရေးအတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများအတွက် နှစ်စဉ် နိုင်ငံတော်၏ အသုံးစရိတ်များမှ ခွဲဝေချထားပေး လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေပေးထားပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ (၂၀၂၄)ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ဆင်ခြေထောက်ရောဂါပိုးကူးစက်မှု ဆန်းစစ်ချက် ရလဒ်များအရ ဆင်ခြေထောက်ရောဂါပိုး ကူးစက်မှုမတွေ့ရှိသဖြင့် (၂၀၃၀)ခုနှစ်တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ရည်မှန်းချက်ပြည့်မီနိုင်တော့မည်ဖြစ်ပါကြောင်း၊
အနာကြီးရောဂါ ဖြစ်ပွားသူ လူနာသစ်အရေအတွက်မှာ သိသာထင်ရှားစွာ လျော့နည်းလာသော်လည်း ရောဂါကူးစက်မှု ရှိနေဆဲဖြစ်ပြီး အနာကြီးရောဂါလူနာသစ်များ ဆက်လက်တွေ့ရှိနေရသေးသဖြင့် ကြိုတင် ကာကွယ်မှုလုပ်ငန်းအနေဖြင့် Rifampicin ဆေးတစ်ကြိမ် သောက်သုံးခြင်းဖြင့် အနာကြီးရောဂါ ကူးစက်ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည့်အတွက် အနာကြီးရောဂါ လူနာနှင့် အိမ်အတူ နေသူများအား Rifampicin ဆေးတစ်ကြိမ် တိုက်ကျွေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်၍ Single Dose Rifampicin ဆေးတိုက်ကျွေးခြင်း လုပ်ငန်းနှင့်ပတ်သက်၍ ဗဟိုအဆင့်ဆရာဖြစ်သင်တန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းများကိုလည်း သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ငှက်ဖျားရောဂါ ဆိုင်ရာနှင့် အနာကြီးရောဂါဆိုင်ရာ နည်းပညာအကြံပေးပညာရှင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး သက်ဆိုင်ရာဌာနခွဲများမှ နှစ်ပတ်လည် လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ကြရာ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)