နေပြည်တော် မတ် ၁၈

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူ များသည်  ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက  ယခုကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲသည် KG+12 စနစ်သစ်ပညာရေးစနစ်၏ အခြေခံပညာအထက်တန်းအဆင့် နောက်ဆုံးအရည်အချင်း စစ်စာမေးပွဲပင် ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်နိုင်ငံသားကောင်း သမီးမွန်များအားလုံး ကျော်ဖြတ်ရသည့် အရေးကြီးသည့် တက္ကသိုလ်ဝင်စာမေးပွဲဖြစ်၍  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျရာအခန်းကဏ္ဍက ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြရမည်ဖြစ်ပါကြောင်း၊ ဝိုင်းဝန်းပါဝင်ကူညီ ဆောင်ရွက်ကြသူများအားလုံးကိုလည်း အထူး ကျေးဇူးတင်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲကျင်းပစဉ်အတွင်း အရေးပေါ်အခြေ အနေများ ဖြစ်ပေါ်လာပါက အမြန်ဆုံးသတင်း ပို့၍ချက်ခြင်းလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး ကြရမည် ဖြစ်ပါကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားသည်။

 

အလားတူ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများသည်  တိုင်းဒေသကြီး၊ပြည်နယ်များရှိ သက်ဆိုင်ရာ စာစစ်ဌာနများသို့သွားရောက်၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)