နေပြည်တော်၊ မတ် ၁၈

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့ မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ်  ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ပြုလုပ်မည့် “Nepal-Myanmar Partnership  in Digital Transformation Program” ဆိုင်ရာကိစ္စရပ်များ၊ နီပေါနိုင်ငံတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ၌  ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်ငန်းဆောင်တာများ စနစ်တကျ လျင်မြန်စွာဆောင်ရွက်နိုင်မှု၊ စီးပွားရေး လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်ထိရောက်စွာ အသုံးချဆောင်ရွက်နိုင်မှု၊ စက်မှုဇုန်များ၌ လုပ်ငန်း မှတ်ပုံတင်ခြင်းနှင့် ဘဏ်လုပ်ငန်းစနစ်များဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများနှင့်  မြန်မာနိုင်ငံတွင်လည်း ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးလိုသည့် အခြေအနေများ၊ စက်မှုဝန်ကြီးဌာန အနေဖြင့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ MSME လုပ်ငန်းများအတွက် လိုအပ်သော ဒစ်ဂျစ်တယ်ဆိုင်ရာ အသိပညာများကို ထိရောက်စွာဖြန့်ဝေပေးနိုင်မှု၊ ဝန်ထမ်းများအ တွက်လည်း ဒစ်ဂျစ်တယ်အသုံးပြုမှု အသိပညာများ တိုးမြှင့်ရရှိနိုင်ရေး ဆောင်ရွက်ပေးနေမှု၊ ဆိုရှယ်မီဒီယာ များကို အသုံးပြု၍ ဈေးကွက်မြှင့်တင်ရေးဆောင်ရွက်နေမှု၊ Digital Tools အသုံးပြု၍ လုပ်ငန်းအချက် အလက် စီမံခန့်ခွဲနိုင်မှုနှင့် ငွေကြေးစီမံခန့်ခွဲနိုင်စေရန် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကဏ္ဍတွင် နီပေါနိုင်ငံနှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင် ရွက်သွားမည့် အခြေအနေတို့ကို ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးသည်။

 

ထို့နောက် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ (၁၊၂၊၃၊၄၊၆၊၇)စက်မှုဇုန်၌ ကျင်းပရာ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် Virtual စနစ်ဖြင့် ပါဝင်တက်ရောက်သည်။  

    

အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးကော်မ တီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန  ညွှန်ကြားရေး မှူးချုပ်၊ စက်မှုလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများ တက်ရောက်သည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက အမှာစကား ပြောကြားသည်။

ယင်းနောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန် ဥပဒေ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ လှိုင်သာယာ (၁၊၂၊၃၊ ၄၊၆၊၇) စက်မှုဇုန်၊ စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသည့် စက်မှုလုပ်ငန်းရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)