နေပြည်တော် မတ် ၁၈
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E.Mr. Harishchandra Ghimire ကို ယနေ့ မွန်းလွဲပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ရန်ကုန်မြို့နှင့် နေပြည်တော်တွင် “Nepal-Myanmar Partnership in Digital Transformation Program” ခေါင်းစဉ်ဖြင့် ကျင်းပ မည့်ကိစ္စနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သက်ဆိုင်ရာကဏ္ဍများအလိုက် Information and Technology (IT) နည်းပညာရပ်များကို လက်တွေ့တာဝန်ယူ ဆောင်ရွက် နေသည့် ဝန်ထမ်းများကို အဆိုပါအစီအစဉ်များသို့ ပါဝင်တက်ရောက်ပေးပါရန် ဖိတ်ကြားလိုသည့် ကိစ္စရပ်များ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် IT နည်းပညာဖြင့် ဝန်ဆောင်မှု ပေးနိုင်မည့်ကိစ္စရပ်များအပေါ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
(သတင်းစဉ်)