ရန်ကုန် မတ် ၁၈

 

ခေါင်းဆောင်မှုမြှင့်တင်ရေးနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက် ရေးသင်တန်း (Leadership Enhancement and Organization Development Training) ဖွင့်ပွဲကို  ယမန်နေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းအောင်မြင်စေရန် ခေါင်းဆောင်မှုကဏ္ဍသည် အရေးကြီးကြောင်း၊ အဖွဲ့အစည်း၏လုပ်ငန်းများ အောင်မြင်စေရန် ဦးဆောင်တာဝန်ယူရသူ တစ်ဦးတည်းဖြင့် ဆောင်ရွက်၍ မရကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းများသည် အရေးကြီးကြောင်း၊ ခေါင်းဆောင်မှုနှင့် လေ့လာမှုတို့သည် အမြဲဒွန်တွဲလျက်ရှိကြောင်း၊ ခေါင်းဆောင်ရာတွင် အသိဉာဏ်ပညာနှင့် မိမိကိုယ်တိုင် စည်းကမ်းလိုက်နာထိန်းသိမ်းရသကဲ့သို့ သူတစ်ပါးအပေါ်တွင်လည်း စာနာထောက်ထား တတ်ရန်လိုအပ်ကြောင်း၊ သင်တန်းမှ သင်ကြားမှု များသည် ဝန်ထမ်းများ၏ ခေါင်းဆောင်မှု အရည်အသွေးများ မြှင့်တင်ရုံသာမက ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များကိုပါ တိုးတက်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က မဟာဗျူဟာမြောက် ခေါင်းဆောင်မှုနှင့် ပဋိပက္ခစီမံခန့်ခွဲမှု အကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်က ခေါင်းဆောင်မှု လက်တွေ့ အခန်းကဏ္ဍကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက အဖွဲ့တည်‌ဆောက်ခြင်း အကြောင်းကိုလည်းကောင်း ဆွေးနွေးကြတက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြကြောင်း သိရသည်။

(သတင်းစဉ်)