နေပြည်တော် မတ် ၁၈

 

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

 

 အစည်းအဝေးသို့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်တင့်၊ ကော်မတီဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံနှင့် ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက ကဏ္ဍအလိုက် လုပ်ငန်းစီမံချက် -Plan of Action များကို အကောင်အထည်ဖော်ရာတွင် ရေတိုအကျိုးရလဒ် -Quick Win ရရှိမည့်  လုပ်ငန်းစဉ်များကို ရွေးချယ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေလျာထားမှုများကို ကြီးကြပ်ဆောင်ရွက်‌ပေးကြ ရန်နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀ - ၂၀၂၅)  ကာလပြီးစီးသွားပါက ဆောင်ရွက်ရန် ကျန်ရှိသော လုပ်ငန်းစီမံချက်များအပေါ် လက်ရှိ အခြေအနေနှင့် ကိုက်ညီမှု ရှိသော ရှေ့ဆက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစီမံချက်များကို ဖော်ထုတ်ထားကြရန် လိုအပ်ပါ ကြောင်းနှင့် လုပ်ငန်းစီမံချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ဆောင်ရွက်ခြင်းဖြင့် အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို ရေးဆွဲရာတွင် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း ပြောကြား သည်။  

 

ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၃၃ ဒဿမ ဝ၀ ဘီလီယံ သတ်မှတ်လျာထားရာ ၂၀၂၅ ခုနှစ်၊ မတ် ၁၂ ရက်အထိ စာရင်းများအရ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဒဿမ ၇၉၃ ဘီလီယံဖြင့် ၇၈ ရာခိုင်နှုန်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကုန်ဆုံးခါနီး ပြီဖြစ်၍ သတ်မှတ်လျာထားချက်များကို အတတ်နိုင်ဆုံး ပြည့်မီအောင်ဆောင်ရွက်နိုင်ရန်နှင့် ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၊ ပို့ကုန်လုပ်ငန်းရှင်များက အမြဲထိတွေ့ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ကော်မတီအဖွဲ့ဝင်များ၊ ပုဂ္ဂလိကအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ကဏ္ဍအလိုက် ကော်မတီဥက္ကဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းစီမံချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သင့်သည်များကို ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌက  ဖြည့်စွက် ဆွေးနွေးပြောကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)