မတ် ၁၉
ယူဂန်ဒါနိုင်ငံတွင် လွန်ခဲ့သောရှစ်လက မျောက်ကျောက်ရောဂါဖြစ်ပွားကြောင်းကြေညာခဲ့ပြီးနောက်ပိုင်း မျောက်ကျောက်ရောဂါဖြင့်သေဆုံးသူ ၃၁ ဦး၊ ဓာတ်ခွဲစစ်ဆေးအတည်ပြုလူနာ ၄၃၄၂ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၂၅ ဦး တွေ့ရှိခဲ့သည်ဟု သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှုကိုတားဆီးရန် တိုးမြှင့်စောင့်ကြည့်ခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ဆက်သွယ်ရေးနှင့် ရပ်ရွာလူထုပူးပေါင်းဆောင်ရွက်မှုနှင့် လူထုအသိပညာပေး လှုပ်ရှားမှုများအပါအဝင် ကြိုတင်ကာကွယ်ရေးအစီအမံများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများဖြစ်ပေါ်နေခြင်းကြောင့် မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဩဂုတ်လက ကြေညာခဲ့သည်။
မျောက်ကျောက်ရောဂါဖြစ်ပွားသူနှင့် အနီးကပ်ထိတွေ့မှုမှတစ်ဆင့် မျောက်ကျောက်ရောဂါကူးစက် ဖြစ်ပွားပြီး ဖျားနာခြင်း၊ အရည်ကြည်ဖုများပေါက်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ လည်ချောင်းနာခြင်းစသည့် ရောဂါလက္ခဏာများ ခံစားရသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို