နေပြည်တော် မတ် ၁၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းက မွန်ပြည်နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုဒုံ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် စွမ်းရည်များပြည့်ဝစေ ရေးတို့အတွက် ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ နေထိုင်ရေး၊ စားသောက်ရေး ကိစ္စရပ်များအား အဆင်ပြေအောင်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး သင်တန်းကျောင်းအတွင်း ပြည်နယ်အစိုးရဖွဲ့ခွင့်ပြု ရန်ပုံငွေဖြင့် သံကူကွန်ကရစ် လေးခန်းတွဲ သုံးထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန်(၉၀)ကျ အဆင့်မြင့်ဆန်စက်နှင့် တန်(၁၂၀)ကျ စပါးအခြောက်ခံစက်လည်ပတ်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ရွှေမြိုင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန်(၉၀)ကျ အဆင့်မြင့် ဆန်စက်အနေဖြင့် စပါးများဝယ်ယူကြိတ်ခွဲရာတွင် အရည်အသွေး ပြည့်မီရေးနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်နယ်အတွင်းရှိ သမဝါယမအသင်းသားများ စိုက်ပျိုးထုတ်လုပ်ခြင်းမှ ထွက်ရှိလာသော စပါးများအား ဝယ်ယူကြိတ်ခွဲဆောင်ရွက် သွားရန်နှင့် အသင်းတောင်သူများလိုအပ်သည့် သွင်းအားစုများကိုလည်း သမဝါယမ အသင်းအဆင့်ဆင့်မှ သီးနှံပေါ်ပေးစနစ်ဖြင့် ထောက်ပံ့ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေး ပညာသင်တန်းကျောင်း(မော်လမြိုင်)သို့ ရောက်ရှိပြီး သင်တန်းကျောင်းအတွင်း သံကူကွန်ကရစ် သုံးထပ် စာသင်ကျောင်းဆောင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

ဆက်လက်၍ မော်လမြိုင်မြို့ရှိ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အတွင်းရှိ  စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများ အောင်မြင်စေရေးအတွက် တောင်သူများလိုအပ်သည့် နည်းပညာများကို ပေါင်းစပ်ဆောင်ရွက် ပေးရန်လိုအပ်ကြောင်း၊ ကျေးရွာရှိ စိုက်ပျိုးရေး မွေးမြူရေးနှင့် အခြားကုန်ထုတ် လုပ်ငန်းလုပ်ကိုင်သူများမှ အကူအညီတောင်းခံလာပါက ဆက်စပ်ဦးစီးဌာနများနှင့် တတ်နိုင်သမျှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများတင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်