နေပြည်တော် မတ် ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သည် ယနေ့တွင်ပြည်နယ် ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများကို မော်လမြိုင်မြို့ရှိပြည်နယ် စိုက်ပျိုးရေးဦးစီး ဌာနမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသ ဝမ်းစာဖူလုံရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းဥပဒေကို တိကျစွာလိုက်နာပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကြိုးပမ်းကြစေလိုကြောင်း၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူ့လုပ်ငန်းခွင်အရောက် ကွင်းဆင်း၍ နည်းပညာ အသိပညာပေးရန်လိုကြောင်း၊ သီးနှံစိုက်ပျိုးမှုနှင့် ထွက်ရှိမှုဆိုင်ရာ ကိန်းဂဏန်း စာရင်းဇယားများ တိကျမှန်ကန်ရေးနှင့် မိမိတို့ တာဝန်ယူထားကြသည့် လုပ်ငန်းများ အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများတွင် ကြုံတွေ့ရတတ်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ဆက်စပ်ဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တာဝန်ရှိသူ အဆင့်ဆင့်က ဝန်ထမ်း သက်သာချောင်ချိရေးနှင့် ဝန်ထမ်းများ ရသင့်ရထိုက်သည့် ဝန်ထမ်းခံစားခွင့်များကို စနစ်တကျ စီမံ ဆောင်ရွက်ပေးပြီး လိုအပ်ချက်ရှိပါက သက်ဆိုင်ရာသို့ အချိန်နှင့် တစ်ပြေးညီတင်ပြ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် အရာထမ်း၊အမှုထမ်းများက လုပ်ငန်းကဏ္ဍအလိုက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်