နေပြည်တော် မတ် ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄)ဖြင့်ရရှိခဲ့သည့် “ဝါးစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်နိုင်ရေး အတွက် ဝါးဆန်းသစ်တီထွင်မှုထုတ်ကုန်များဆိုင်ရာ သုတေသနစင်တာ တည်ထောင်ရေးစီမံကိန်း(လုပ်ငန်းစဉ်-၁)” စီမံကိန်းနှင့် “ဒီဂျစ်တယ် စီးပွားရေးကိုပံ့ပိုးပေးရန်အတွက် အိုင်စီတီ ပူးပေါင်းဆောင်ရွက်သော ဆန်းသစ်တီထွင်မှုများ တိုးမြှင့်ခြင်းဆိုင်ရာစီမံကိန်း”များ မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က မြန်မာနိုင်ငံ၏ ဝါးစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးမျိုးစုံဖွံ့ဖြိုး တိုးတက်မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အခွင့်အလမ်း တစ်ရပ်ဖြစ်ကြောင်း၊ ဝါးသည် အမြန်တိုးတက်ကြီးထွားနိုင်သော သယံဇာတဖြစ်သောကြောင့် ဆောက်လုပ်ရေး၊ ပရိဘောဂ၊ လက်မှုလုပ်ငန်းများတွင် အသုံးချနိုင်သည့် တန်ဖိုးကြီးသော သယံဇာတ ဖြစ်ကြောင်း၊ ဝါးထုတ်လုပ်မှု ဆန်းသစ်မှုနှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးမှုကိုအားပေးခြင်းဖြင့် မြန်မာနိုင်ငံသည် ထုတ်ကုန်တင်ပို့မှု စွမ်းရည်တိုးမြှင့်နိုင်ပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာထုတ်လုပ်မှု၊ ကုန်သွယ်မှုတိုက်ရိုက် ပေါင်းစည်းနိုင်ပြီး ကျေးလက်ဒေသများအတွက် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ဖန်တီးနိုင်မည် ဖြစ်ပါကြောင်းနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကာလတွင် ဒီဂျစ်တယ်စီးပွားရေးကို အထောက်အကူပြု စေသော Cloud Computing၊ Cybersecurity Training များ၊ Data Analytics နှင့် National Tech Transfer Database တည်ထောင်ခြင်းဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့နည်းပညာ တိုးတက်မှုများနှင့် အတူလျင်မြန်စွာ ပါဝင်နိုင်စေရန်နှင့် ဒီဂျစ်တယ်ခေတ်တွင် လိုအပ်သောကျွမ်းကျင်မှုများကို ရရှိစေမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် မိမိတို့ ဝန်ကြီးဌာနက ဆောင်ရွက်ရမည့် စီမံကိန်းများ၏ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ Minister Counselor Dr. Zheng Zhihong က Virtual စနစ်ဖြင့်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက in person ဖြင့်လည်းကောင်း အမှာစကားပြောကြား ကြပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၄)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် မည့် စီမံကိန်း (၂)ခုနှင့်ပတ်သက်၍ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းက ရှင်းလင်းတင်ပြသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တောအောင်ဇေယျ၊ အမြဲတမ်း အတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဝါးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံဝါးလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များနှင့် စီမံကိန်းဆောင်ရွက်နေသူများ တက်ရောက် ကြကြောင်း သိရသည်။
(သတင်းစဉ်)