နေပြည်တော်၊ မတ် ၂၁

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ယနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူများ၊ လဲလှယ်နှင့်မိတ္တူ လျှောက်ထားသူပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ယင်းနောက်  မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှုနှင့် မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး အဆိုပါရုံးခန်းအနီး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသည့် ဒေသခံပြည်သူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအသီးသီးမှ ယာယီရွှေ့ပြောင်း ရောက်ရှိနေသူများအနက် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသည့် ပြည်သူ များအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု၍ လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား လုပ်ငန်း ဆိုင်ရာအခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ခန်းမအတွင်း၌ ယာယီရုံးခွဲများဖွင့်လှစ်ထားရှိမှုနှင့် ယာယီရုံးခွဲများတွင် သက်ဆိုင်ရာဒေသ များမှ ယာယီရွေ့ပြောင်းရောက်ရှိနေကြသည့် ပြည်သူများက နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက် လျှောက်ထားဆောင်ရွက်မှု၊ ပျောက်ပျက်မိတ္တူလဲလှယ်မှုနှင့် အိမ်ထောင်စုစာရင်း အတိုးအလျော့၊ ပြောင်းဝင်ပြောင်းထွက်၊ မိတ္တူ လျှောက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ လာရောက်ဆောင်ရွက်ကြသည့်သူများ၏ လုပ်ငန်းဆိုင်ရာအခက်အခဲများအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ မှတ်တမ်းမှတ်ရာများ စနစ်တကျရေးသွင်း၍ အချက်အလက်မှန်ကန် စေရေးအတွက် စနစ်တကျတိုက်ဆိုင်စိစစ်ဆောင်ရွက်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကြန့်ကြာမှု မရှိအောင် ဆောင်ရွက်ပေးရေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)