နေပြည်တော် ၁၀ မတ်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပံ့ပိုးကူညီမှု မြန်မာ - ကိုရီးယား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး လုပ်ငန်းအဖွဲ့မှ ကြီးမှူး၍ ပထမအကြိမ် Korea Day 2019 ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel (Sapphire Ballroom) ၌ကျင်းပသည်။
ပထမအကြိမ် Korea Day 2019 ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရန်၊ ခရီးသွားလုပ်ငန်းသည် ပြည်သူလူထုတစ်ရပ်လုံးနှင့် သက်ဆိုင်သော လုပ်ငန်းဖြစ်သည်ကို သိရှိစေရန်၊ မြန်မာ - ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရန်နှင့် နှစ်နိုင်ငံ စီးပွားရေး ရင်းနှီမြှုပ်နှံမှုပိုမိုရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက Korea Day 2019 ကျင်းပရခြင်းမှာ ကိုရီးယားပြည်သူများအနေဖြင့် မြန်မာနိုင်ငံကို ပိုမိုသတိပြုမိပြီး လာရောက်လည်ပတ်လိုစိတ်များ ပိုမိုတိုးမြင့်လာကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အထူးသဖြင့် မြန်မာ - ကိုရီးယား နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် ရင်းနှီးမြှပ်နှံမှုများကို ပိုမိုတိုးတက်လာနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများနှင့် ကြိုးပမ်းဖော်ဆောင်လျက်ရှိပါကြောင်း၊ Korea Day 2019 အခမ်းအနား၏ ပြပွဲအစီအစဉ်များသည် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ထိရောက်ကောင်းမွန်သော ကြော်ငြာအစီအစဉ်များဖြစ်၍ ကိုရီးယားပြည်သူများ လာရောက်လည်ပတ်ဖို့ ဆွဲဆောင်ရာတွင် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ အထူးသဖြင့် ယဉ်ကျေးမှုအမွေအနှစ်ကြွယ်ဝသော မြန်မာ - ကိုရီးယား နှစ်နိုင်ငံအကြား ရိုးရာယဉ်ကျေးမှု အကဂီတ အပါအဝင် အနုပညာများကို တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် တင်ဆက်ပြသဖလှယ်ကြခြင်းဖြင့် နှစ်နိုင်ငံပြည်သူများအကြား ပိုမိုနွေးထွေးသော ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Saung-Hwa နှင့် ASEAN Korea Centre မှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Lee Hyuk တို့က အမှာစကားပြောကြားကြပြီး မြန်မာ - ကိုရီးယား ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကိုရီးယား - မြန်မာ နှစ်နိုင်ငံ ရိုးရာယဉ်ကျေးမှု တူရိယာများဖြစ်သည့် မြန်မာစည်တော်နှင့် ကိုရီးယားစည်တော်များတီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး Project K မှ Korea K-POP အက၊ မြန်မာ - ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုအက၊ RAU Entertainment မှ အထူးဖိတ်ကြားထားသည့် ကိုရီးယား အမျိုးသမီးအဆိုတော် Ms. Hwang SeoIn နှင့် JBJ Entertainment မှ Rose Quartz ၏ K-POP တို့ဖြင့် ဖျော်ဖြေကြသည်။
ထို့နောက် Korea - Myanmar Joint Tourism Promotion Activities နှင့် CBT in Myanmar ခေါင်းစဉ်တို့ဖြင့် ဟောပြောပွဲများကို ကျင်းပသည့်အပြင် မြန်မာ - ကိုရီးယား နှစ်နိုင်ငံဆိုင်ရာ အဖွဲ့အစည်းများ၊ ကိုရီးယားနှင့် သက်ဆိုင်သော အဖွဲ့အစည်းများ၊ ခရီးသွား ကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ကုမ္ပဏီများ၊ ဘဏ်များ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းများမှ ပြခန်းပေါင်း ၄၀ ကလည်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)