နေပြည်တော် မတ် ၂၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း နှင့်အတူ ယနေ့ မွန်းလွဲ (၁)နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာသို့ရောက်ရှိစစ်ဆေးသည်။
ဦးစွာ လုံခြုံရေး အဆောက်အဦ၊ မီးစက်ရုံ တည်ဆောက်ထားရှိမှုနှင့် မီးစက်တပ်ဆင်ထားရှိမှု၊ ရေလှောင်ကန် ရေယိုစိမ့်မှုကို ပြုပြင်ဆောင်ရွက်ပြီးစီးနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် စင်တာရှိဝန်ထမ်းများတွေ့ပြီး ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဝန်ထမ်း စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာ နေထိုင်ကြရန်၊ သင်တန်းစင်တာသည် မဲခေါင်-လန်ချန်းရန်ပုံငွေဖြင့် တည်ဆောက်၍ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် သက်မွေးပညာသင်တန်းများဖွင့်လှစ်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်၍ ဝန်ထမ်းများက စံနမူနာပြ ဦးဆောင်၍ သင်တန်းသား၊ သင်တန်းသူများ စည်းကမ်းတကျ နေထိုင်ပြုမူတတ်ရေးကို သေချာလေ့ကျင့်သင်ကြားပေးရန်၊ နေ့စဉ်အသုံးစရိတ်ကို သေချာစိစစ်သုံးစွဲရန်၊ စင်တာရှိ ဌာနပိုင် ပစ္စည်းများ ပျောက်ဆုံးပျက်ဆီးမှု မရှိစေရေးအတွက် စာရင်း/ဇယားဖြင့်ပြုစုပြီး မှတ်တမ်းထားရှိရန် မှာကြား၍ ဝန်ထမ်းများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာသည် သက်မွေးပညာ သင်တန်းများကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် (၈) ကြိမ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် (၁၆) ကြိမ် စုစုပေါင်း သင်တန်း (၂၂)ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ (၄၄၀) ကို သက်မွေးပညာသင်တန်းများ သင်ကြားပေးနိုင်ခဲ့ကာ ၎င်းသင်တန်းသား/သူများအနေဖြင့် မိမိတို့ရပ်ရွာဒေသတွင် သက်မွေးပညာရပ်များ ပြန်လည် အသုံးချနိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်