ရန်ကုန် မတ် ၂၃
ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် အဆင့်မြင့် တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော် နေပူခံစကျင်ကျောက်ပြား ခင်းကျင်းမှု အပိုင်း (၁) အောင်ပွဲ ရေစက်သွန်းလောင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် အဆိုပါစေတီ တော်၌ ကျင်းပသည်။

ဦးစွာ စေတီတော်မုခ်ဦးရှေ့၌ သာသနာရေးနှင့် ယဉ်ကျေးမူဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက အဆင့်မြင့် တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော် နေပူခံ စကျင်ကျောက်ပြား ခင်းကျင်းမှုအပိုင်း (၁) အောင်ပွဲကို ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အခမ်းအနားကို စေတီတော်ပရိ၀ဏ်အတွင်း၌ ဆက်လက်ကျင်းပရာ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာ့တော်များ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမူဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အဆင့်မြင့်တာရာဇိုကြမ်းခင်းနှင့် ရင်ပြင်တော် နေပူခံစကျင်ကျောက်ပြား ခင်းကျင်းမှု အပိုင်း (၁) အောင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးလှထွန်း က အောင်ပွဲရေစက်သွန်းလောင်း အလှူမင်္ဂလာကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း လျှောက်ထားပြီး ဂီတစာဆို စန္ဒယား ဦးသက်ဆွေ ရေးစပ်သီကုံးသော ရေစက်သွန်းလောင်း အလှူတော်အောင်ပွဲ မင်္ဂလာပိုဒ်စုံရတုကို တေးသံရှင်မေသင်္ကြန်လွမ်းနိုင်က ဖတ်ကြားသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရ ထံမှ အနုမောဒနာတရား နာယူကြပြီး ရေစက်သွန်းလောင်း အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်