နေပြည်တော်   မတ်  ၂၃ 
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ချမ်းမြေ့သာ သစ်အချောထည်စက်ရုံ၌ ကျွန်း၊ မန်ဂျန်ရှားနှင့် ရာဘာသစ်အချောထည် ပရိဘောဂများ ထုတ်လုပ်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

စစ်ဆေးစဉ် တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောထုတ်လုပ်မှု၊ ပြည်တွင်းစျေးကွက် ဝယ်လိုအားနှင့် ရောင်းချမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိက အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် ကုန်ကြမ်းရရှိရေးနှင့် ထုတ်လုပ်ပြီးသော ကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက်  ဌာနနှင့်လုပ်ငန်းရှင်များ ညှိနှိုင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ အချောထည် ပရိဘောဂ ပြုလုပ်ရန် သင့်တော်သည့် သစ်မျိုးများကို ဖော်ထုတ်ပြီး ဌာနနှင့် ပုဂ္ဂလိက ပေါင်းစပ်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် တောင်ဒဂုံမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် ၁၀ ပရိဘောဂ စက်ရုံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တန်ဖိုးမြှင့်သစ်အချောထည်များ ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပစျေးကွက်များ ရှာဖွေ၍ ရငွေလျာထားချက် ပြည့်မီအောင် ကြိုးပမ်း ဆောင်ရွက်ရေး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေးတို့ကို မှာကြားကာ ထုတ်လုပ်ထားသော သစ်အ‌ချောထည် ပရိဘောဂများကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် တောင်ဒဂုံမြို့နယ်ရှိ Great Myanmar ကြိမ်အချောထည်လုပ်ငန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှု၊ ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချမှုနှင့် လုပ်ငန်းလိုအပ်ချက်များနှင့် စပ်လျဉ်း၍ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
 
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ စလူကြိုးဝိုင်း၊ ဝါးကတုတ်ပျိုးဥယျာဉ်ရှိ သီးနှံသစ်တောရောနှောစိုက်ခင်း သရုပ်ပြကွက်အတွင်း ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ယမနေ၊ ပိတောက်၊ မဟော်ဂနီသစ်မျိုးများနှင့် သရက်၊ ဒန့်သလွန်၊ ပိန္နဲ၊ ကော်ဖီသီးနှံများ ရောနှော စိုက်ပျိုးထားမှုနှင့် ပျားမွေးမြူခြင်း သရုပ်ပြဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာ တင်ပြချက်များပေါ် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်