နေပြည်တော် မတ် ၂၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည်မတ် ၂၀ ရက်မှ ၂၂ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ၊ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ သာစည် - ရွှေညောင် ရထားလမ်းပိုင်းအခြေအနေ၊ လွန်းထိုးနေရာများနှင့် ဆင်တောင် - မြင်းဒိုက် ဘူတာကြားရှိ ကမ်းပါးနီဥမင် အဝင်/ အထွက်နေရာများ၊ အဆိုပါ ရထားလမ်းပိုင်းရှိ ရွှေမင်းဖုန်းဒေသတွင် ရေထုတ်မြောင်း တူးဖော်ခြင်းနှင့် ယာယီရှောင်ကွင်းရထားလမ်း တာဘောင် တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားအင်အားများကို စနစ်တကျစုဖွဲ့အသုံးပြု၍ စီမံဆောင်ရွက်သွားရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးစသည့် လုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပေါမူ - ထီသိမ် - တောင်ကြီး ရထားလမ်းပိုင်းတွင် ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည့် ရထားလမ်းအူကြောင်း တာဘောင်မြေကြီး လုပ်ငန်း၊ ရေထုတ်ပြွန် ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်း၊ Gabion Basket ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများကို စစ်ဆေးပြီး တာဘောင်နေရာများအား သတ်မှတ် Compaction ရရှိအောင် မြေဖို့ဖိကြိတ်ခြင်းများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ကွေ့ဒီဂရီ၊ Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျ စစ်ဆေး၍ ပြုပြင်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့ပြင် တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထားလမ်းပိုင်းရှိ တံတားနှင့် တာဘောင်များ ထိန်းသိမ်းမှု အခြေအနေအား စစ်ဆေးပြီး ကျောက်ဖြည့်တင်းရန် လိုအပ်သည့်နေရာများတွင် ကျောက်ထပ်မံဖြည့်သွင်း၍ ပက်ကင်ရိုက်ခြင်းများ စနစ်တကျဆောင်ရွက်ရန်၊ လမ်းပိုင်းအတွင်းရှိ တံတားနှင့် Box Culvert များ ရေရှည်ခိုင်ခန့်မှုရှိစေရေး စနစ်တကျစစ်ဆေး၍ ထိန်းသိမ်း ဆောင်ရွက်ရန်နှင့် ရေမြောင်းများ (Side Drains) စနစ်တကျ ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေး မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်