နေပြည်တော် မတ် ၂၃
(၆၅)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်း က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၅)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းနယ်ပယ်နှင့် သက်ဆိုင်သော ဌာနများမှ အကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ Prof. Celeste Saulo က ပေးပို့သော သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် Video Clip တို့ကို ပြသပြီး ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ်အခမ်းအနား ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဆုများချီးမြှင့်ပေးအပ်သည်။ ယင်းနောက် ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်အတူ ခင်းကျင်းပြသထားသော မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အထိမ်းအမှတ်ပြခန်းအား လှည့်လည် ကြည့်ရှုကြသည်။
မွန်းလွဲပိုင်းတွင် မိုးလေဝသ၊ ဇလဗေဒ၊ ငလျင်ဘာသာရပ်ဆိုင်ရာ စာတမ်း (၁၈) စောင်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများက ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်