ရန်ကုန် မတ် ၂၄

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ပြုလုပ်သည့် ပထမအကြိမ် ရေယာဉ် လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) လုပ်ငန်းစဉ် စတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ Asia World Port Terminal (AWPT) ဆိပ်ကမ်းတံတား၌ ကျင်းပသည်။ 

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင် ကျော်ထွန်း၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ ကုန်သေတ္တာ ဆိပ်ကမ်းတံတားများနှင့် ကုန်သေတ္တာဆိပ် ကမ်းတံတားများနှင့် ကုန်သေတ္တာသင်္ဘောလိုင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် Transshipment ကုန်သေတ္တာကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဆိပ်ကမ်းများသို့ ပို့ဆောင်မည့် MV. SITC Yuanming သင်္ဘောပေါ်သို့ စတင် တင်ဆောင်ခြင်းကို ကြည့်ရှုအားပေးကြပြီး Asia World ဆိပ်ကမ်းတံတားအတွင်း ဆိပ်ကမ်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများကို ချိတ်ဆက်ပေးနိုင်သည့် အနေအထားတွင်ရှိကြောင်း၊ ရန်ကုန် ဆိပ်ကမ်းသည် အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်ကမ်းရိုးတန်း တစ်လျှောက်ရှိ ဆိပ်ကမ်းများ သို့ ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) နည်းလမ်းကို အသုံးပြုပြီး ဒေသတွင်း ကြားခံဆိပ်ကမ်း (Transit Port) အဖြစ် ဆောင်ရွက်နိုင်မည့် အနေအထားရှိပါကြောင်း။

ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်း၌ ကုန်သေတ္တာ TEU ၂,၆၀၀ အထိ သယ်ဆောင်နိုင်ပြီး ရေစူး ၁၀ ဒသမ ၅ မီတာအထိရှိသည့် တန်ချိန် ၅၀,၀၀၀ သင်္ဘောကြီးများ ဝင်/ထွက် လက်ခံဝန်ဆောင်မှု ပေးလာနိုင်ပြီဖြစ်ကြောင်း၊ ရေယာဉ်လွှဲပြောင်း တင်ဆောင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လာနိုင်မည်ဆိုပါက နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သော ပဲနှင့်ပြောင်း ဈေးကွက်ဝေစုပိုမိုရရှိပြီး ပိုမိုတင်ပို့နိုင်လာမည်ဖြစ်ကြောင်း။  

ရန်ကုန်ဆိပ်ကမ်းအနေဖြင့် လက်ရှိကုန်သေတ္တာကိုင်တွယ်ရရှိမှုပမာဏ တစ်နှစ် TEU ၈ သိန်း ပမာဏထက် ပိုမိုတိုးတက်ကိုင်တွယ်လာနိုင်မည်ဖြစ်၍ နိုင်ငံအတွက် ဆိပ်ကမ်းဝင်ငွေ တိုးတက် ရရှိလာမည်ဖြစ်ကြောင်း၊ မကြာသေးမီက နိုင်ငံတော်အကြီးအကဲ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်ကြည့်ရှု စစ်ဆေးခဲ့စဉ် လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း မြစ်တွင်းမှ Barge ရေယာဉ်များဖြင့် ချိတ်ဆက်သယ်ပို့ခြင်းအပြင် ကုန်းလမ်းမှ ကား၊ ရထားတို့ဖြင့် သယ်ပို့ခြင်း စသည့်သယ်ယူပို့ဆောင်ရေးနည်းလမ်းများ ပေါင်းစပ်ပြီး ဝန်ဆောင်မှုပေးနိုင်ရန်အတွက် Stakeholder များ အားလုံးက ပူးပေါင်းပါဝင်ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းစဉ်