နေပြည်တော်မတ် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တပ်ကြီး - ကံလှကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်း ၃ မိုင်အား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းရာနှုန်းပြည့် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းဆောင်ရွက်ပေးနိုင်ခဲ့မှုကြောင့် ဒေသခံကျေးရွာ ၈ ရွာမှ လူဦးရေ ၅,၉၇၄ ဦး တို့၏ပညာရေး၊ ကျန်းမားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံပြည်သူများ ပျော်ရွှင်ဝမ်းမြောက်လျက် ရှိသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၄၉ မိုင် ၃ ဖာလုံ၊ အမာခံလမ်း ၁၃ မိုင် ၄ ဖာလုံ၊ ကျောက်လမ်း ၂၀ မိုင် ၃ ဖာလုံ၊ ကျောက်လမ်းပြင်ထိန်း ၄ မိုင်၊ ကတ္တရာလမ်း ၄ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁၁ မိုင် ၃ ဖာလုံ၊ ကွန်ရစ်လမ်း ၃ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်တံတား ၈ စင်း၊ Box Culvert ၁၂၄ စင်း၊ ကျောက်တောင် မိုင်းခွဲခြင်းလုပ်ငန်း ၂ ခု၊ ကျောက်စီရေမြောင်း ၁၅၀ ပေ၊ မြေပြို ဖယ်ရှားခြင်း ၅ မိုင် ၆ ဖာလုံ၊ လမ်းတာချဲ့ခြင်း ၂ မိုင် ၂ ဖာလုံ၊ ပညာရေး လုပ်ငန်း ၂ ခု၊ အဝီစိတွင်း တူးဖော်ခြင်း လုပ်ငန်း ၁ တွင်း၊ သာသနာရေးလုပ်ငန်း ၈ ခု၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း ၆ ခု၊ ဆိုလာ ၉၄ စုံနှင့် ဦးစီးဌာနလုပ်ငန်း ၆ ခုအား စုစုပေါင်း ခွင့်ပြုရန်ပုံငွေ ၁၂၈၆၂ ဒဿမ ၂၁၅ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်