နေပြည်တော်၊ မတ် ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ယမန်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး တောင်တွင်ကြီးမြို့နယ် ယင်းမလည်ချောင်းပေါ်ရှိ မြေအောက်တမံ တည်ဆောက်မည့်နေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုခဲ့စဉ် ဒုတိယဝန်ကြီး က ချောင်းကမ်းဘေးနှစ်ဖက်ရှိ မြေသားအနေအထား၊ ချောင်းကြမ်းပြင် ရေလုံလွှာ အနေအထားတို့ကို ဘူမိဗေဒစမ်းသပ်မှုများ ထပ်မံစစ်ဆေးရေး၊ နှစ်စဉ်မိုးရေချိန် နည်းပါးပြီး ပူပြင်းခြောက်သွေ့သော မကွေးတိုင်းဒေသကြီးအတွင်း မြေအောက်ရေ အရင်းအမြစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဒေသနေပြည်သူများ စိုက်ပျိုးရေ သောက်သုံးရေ ပိုမိုဖူလုံစွာ ထုတ်ယူသုံးစွဲနိုင်စေရေးအတွက် ရည်မှန်းကာ မြေအောက်တမံများကို ထပ်မံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သဲချောင်းများအား စူးစမ်းလေ့လာ တိုင်းတာခြင်းလုပ်ငန်းများကို ယခုထက်ပိုမို လုပ်ဆောင်ထားကြရမည် ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက် မကွေးမြို့နယ်၊ ဆိပ်သာကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသော ဆိပ်သာဆိုလာစနစ် ရေတင်စီမံကိန်းသို့ ရောက်ရှိပြီး ဒေသတွင်း တောင်သူများအတွက် အလျင်အမြန်အကျိုးရလဒ် (Quick Win) ရရှိစေနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဖြစ်သောကြောင့် စက်ကိရိယာယန္တရားများ လုံလောက်စွာ အသုံးပြု၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေး ပြည့်မီရေးနှင့် စီမံကိန်းလုပ်ငန်းပြီးစီးပါက သီးနှံပုံစံအလိုက် စိုက်ပျိုးရေ လိုအပ်ချက်အတိုင်း အပြည့်အဝပေးဝေ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ထိုမှတဆင့် မကွေးမြို့နယ်ရှိ ညောင်ပင်ခလချောင်းနှင့် ဖလံချောင်းတို့တွင် မြေအောက်တမံများ တည်ဆောက်နိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက်မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ထိန်းသိမ်းရေးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဦးစီးမှူးများနှင့် တွေ့ဆုံ၍ မြေအောက်တမံများ တည်ဆောက်ပြီး စိုက်ပျိုးရေပေးဝေနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နွေစပါးနှင့် အခြားသီးနှံများ ရေပေးဝေမှုဆိုင်ရာကိစ္စရပ်များ၊ သီးထပ်စွမ်းအား တိုးတက်ရေး၊ ပန်းတိုင် အထွက်နှုန်း ပြည့်မီရေးဆိုင်ရာကိစ္စရပ်များနှင့် မွေးမြူရေးဏ္ဍဆိုင်ရာများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်