နေပြည်တော် မတ် ၂၄

ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ အခြားနှီးနွယ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

 အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း က တီဘီရောဂါသည် အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်သော ရောဂါဖြစ်ပြီး ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး ရောဂါများထဲမှ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ဦးစားပေးဖြေရှင်းရမည့် ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်လည်းဖြစ်ကြောင်း၊ ၂၀၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ တီဘီရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ကို သုညအထိလျှော့ချရန်” ရည်မှန်းချက်ဖြင့် တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို နှီးနွယ်ဝန်ကြီးဌာနများ၊ ပြည်တွင်း/ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

တီဘီရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုမည့် တီဘီဆေးနှင့် ဆေးပစ္စည်းများကို နိုင်ငံတော် ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းပေးလျက်ရှိရာ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် (၁၅ဒသမ၅) ဘီလီယံ ခွဲဝေချထားသုံးစွဲခဲ့ပါကြောင်း၊      တီဘီလူနာရှာဖွေ တွေ့ရှိမှုနှုန်း၊ ဆေးကုသမှုအောင်မြင်နှုန်း ရည်မှန်းချက်မပြည့်မီသော တိုင်းဒေသကြီး/ ပြည်နယ်များ အနေနှင့် ပိုမို၍ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တီဘီလူနာတွေ့ရှိပါက ကျန်းမာရေး ဝန်ကြီးဌာနသို့ မဖြစ်မနေ မပျက်မကွက် သတင်းပို့ကြရန် လိုအပ်ပြီး တီဘီရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းများ ပိုမိုပါဝင်လာ အောင်ဆောင်ရွက်ရန်လိုကြောင်း။

ကလေးများတွင် တီဘီရောဂါရှာဖွေခြင်းကို အဆင့်မြင့်ဓါတ်ခွဲပစ္စည်းများဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ကျောင်းအခြေပြုတီဘီရောဂါ ရှာဖွေရေးလုပ်ငန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တီဘီလူနာနှင့်အတူနေမိသားစုထဲမှ အသက်ငါးနှစ်အောက် ကလေးများကို တီဘီရောဂါမဖြစ်ပွားအောင် တီဘီရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်လျက်ရှိပြီး အသက် (၅) နှစ်အထက်ရှိသူများကိုလည်း တီဘီရောဂါ ကာကွယ်ဆေး တိုက်ကျွေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းသည် တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းတွင် အချိန်မရွေး၊ နေရာဒေသမရွေး စမ်းသပ်စစ်ဆေးပေးနိုင်သည့် အဆင့်မြင့်နည်းပညာသုံး စက်ပစ္စည်းများကို အသုံးပြုသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “တီဘီရောဂါပ‌ပျောက်ဖို့၊ ကတိပြု ရင်းနှီးမြှုပ်နှံလို့၊ အားလုံးပါဝင်ဆောင်ရွက်စို့” နှင့်အညီ တီဘီရောဂါ ပပျောက်ရေးအတွက် အားလုံးပါဝင်က တိကဝတ်ပြုကြပြီး လူအင်အား၊ ငွေအင်အား ရင်းနှီးမြှုပ်နှံကြကာ တီဘီရောဂါ ကာကွယ်ကုသရေး ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီရရှိနိုင်ရန် အားလုံးလက်တွဲပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

သတင်းစဉ်