နေပြည်တော် မတ် ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုးချဲ့ရုံး အဆောက်အဦ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲ၌ဖြစ်ပွားခဲ့သည့် မဲစာရင်းမှားယွင်းမှု၊ မဲစာရင်းဖောင်းပွမှုများနှင့် မဲမသမာမှု ဖြစ်စဉ်များကိုသုံးသပ်၍ မဲမသမာမှုဖြစ်နိုင်သည့် မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးနိုင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ မဲပေးစက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခုနှင့် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ ဝန်ကြီးဌာနများအပါအဝင် အဖွဲ့အစည်း ၄၇ ဖွဲ့တို့ရှိ မဲဆန္ဒရှင်ပြည်သူများ၊ နိုင်ငံရေးပါတီ ၃၅ ပါတီမှ ကိုယ်စားလှယ်များကို ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း။
MEVM စက်များအသုံးပြု၍ မဲဆန္ဒရှင်ပြည်သူများ၏ လက်တွေ့စမ်းသပ်မဲပေး ဆောင်ရွက်ခြင်းမှ တစ်ဆင့် ရရှိလာသည့် အကြံပြုချက်များအပေါ် ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး စနစ်ပိုင်းဆိုင်ရာ သာမက လုံခြုံစိတ်ချရမှုအပိုင်း၊ မဲဆန္ဒရှင်များ၏ ယုံကြည်မှုအပိုင်း၊ ကြံ့ခိုင်မှုနှင့် အရည်အသွေးကောင်းမွန်မှု အပိုင်းများတွင်ပါ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲလက်မှတ်ဖြင့် မဲပေးခြင်းအစား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် မဲပေးခြင်းသည် မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျ ကိုင်တွယ်နိုင်ရေးသည် အဓိကကျသည့်အပိုင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ ဝန်ထမ်းများကို မြန်မာအီ လက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်း သင်တန်းများ ပို့ချခဲ့သကဲ့သို့ မဲဆန္ဒရှင်ပြည်သူများကိုလည်း ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ မဲပေးစေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။
ရွေးကောက်ပွဲ၌ မဲပေးစက်ကိုင်တွယ်ကြီးကြပ်မည့်သူများအား ဆင့်ပွားသင်တန်းများ ပို့ချပေးနိုင်ရန်အတွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ရှိ ဝန်ထမ်းများကို မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ရာ ၂၀၂၄ ခုနှစ်အတွင်း သင်တန်း အမှတ်စဉ် ၉ ခု ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အရာထမ်းအမှုထမ်း စုစုပေါင်း ၂၂၇ ဦးကို သင်တန်းပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ယခုသင်တန်းသည် ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးအကြိမ် သင်တန်းဖြစ်ပြီး သင်တန်းများ ဆက်လက်ပို့ချသွားမည်ဖြစ်ပါကြောင်း၊ ဆရာဖြစ်သင်တန်းဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် ကျွမ်းကျင်မှုရှိရန် လေးလေးနက်နက် သင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသပေးမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းကို မတ် ၂၆ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်