နေပြည်တော် မတ် ၂၄
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားကြောင်း၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခု တို့တွင် ရင်းနှီးမြှုပ်နှံမှုပုံစံနှစ်မျိုးဖြစ်သော ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသပြင်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမှုဟူ၍ရှိကြောင်း၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများကို ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီ (Regional Investment Committee- RIC) က စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ရန်နှင့် မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း။
အငယ်စား၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (MSMEs) များကိုအား ပေးမြှင့်တင်ခြင်းသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာပြီးဒေသတွင်း ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးကို အထောက်အကူပြုကြောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့် စပ်လျဉ်း၍ ဒေသတွင်း အဖွဲ့အစည်းများဖြစ်သော ASEAN ၊ GMS ၊ ACMECS အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုး၍ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အာဆီယံဒေသတွင်း နိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများတွင် ဈေးကွက်ရှာဖွေကြရန်နှင့် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူနှင့် မိတ်ဖက်များကို ရှာဖွေကြရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ ပြန်လည်သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရေးကို ဆောင်ရွက်နေသည့်အချိန်တွင် ကိန်းဂဏန်း အချက်အလက်များ မှန်ကန်တိကျရန် အရေးကြီးကြောင်း၊ နှစ်နိုင်ငံနှင့် နိုင်ငံစုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအလေးထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အာဆီယံအပါအဝင် ဒေသတွင်းအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်မှု၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများ၊ ရုရှားနှင့် မြန်မာနိုင်ငံတို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေကိုလည်းကောင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာန၏ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း တင်ပြဆွေးနွေးသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီး / ပြည်နယ် ညွှန်ကြားရေးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်များ၏ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေကို ဆွေးနွေးတင်ပြကြသည်။
အဆိုပါ အစည်းအဝေးကို မတ် ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်