နေပြည်တော် မတ် ၂၆

 

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင် မြို့နယ်လေးမြို့နယ် စဉ်ဆက် ပညာရေးလုပ်ငန်း ဂုဏ်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တပ်ကုန်းမြို့နယ်၊ အောင်ဆန်းခန်းမ၌ ကျင်ပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော် စဉ်ဆက်ပညာရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊  စဉ်ဆက်ပညာရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနနှင့် တိုင်း/ ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် စဉ်ဆက်ပညာရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ စေတနာရှင်လုပ်အားပေး နည်းပြ / ကြီးကြပ်များ၊ စာသင်သားများ တက်ရောက်ကြသည်။

 

 ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး စဉ်ဆက်ပညာရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခဲ့သည့် နေပြည်တော်ပညာရေးမှူးရုံးနှင့် စေတနာလုပ်အားပေး ဆောင်ရွက်ခဲ့ကြသည့် နည်းပြနှင့် ကြီးကြပ်ကိုယ်စားလှယ်နှစ်ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက စဉ်ဆက်ပညာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြောကြားပြီး  စဉ်ဆက်ပညာရေးလုပ်ငန်းတွင် ပါဝင်တက်ရောက်ခဲ့သည့် စာသင်သားကိုယ်စားလှယ်နှစ်ဦးထံ မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် သင်ယူပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ်များ ပေးအပ်သည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နှစ် (၈၀) ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်ကုန်းမြို့နယ်၊ တဲမြင့်ကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာရှိ “လင်းရောင်ခြည်” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ထားရှိမှုကို ကြည့်ရှုသည်။

 

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး စာကြည့်တိုက်အတွက် MRTV DTH စလောင်းနှင့် MRTV DVB-T2 Set Top Box တစ်စုံနှင့် နေပြည်တော်ကောင်စီမှ စာကြည့်တိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ငွေများကိုလည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စာကြည့်တိုက်အတွက် မတည်ငွေများနှင့် စာအုပ်စာစောင်များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြိုနယ် “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမ အသင်းလီမိတက်၏ ဝါကြိတ်စက်နှင့် ဝါသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည့် နေပြည်တော်နွေရာသီအခြေခံ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်ပွဲအခမ်းအနား တက်ရောက်သည်။

 

ယနေ့ဖွင့်လှစ်သည့် နွေရာသီအခြေခံ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ယဉ်ကျေးလိမ္မာသင်တန်းများကို မြို့နယ် (၈) မြို့နယ်တွင် မတ် ၂၆ ရက်မှ ဧပြီ ၁၁ ရက်အထိ တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်