နေပြည်တော် မတ် ၂၆
ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်တွင်း၊ ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ အမြင်များကို ထုတ်ဖော်ပြသနိုင်ရန်အတွက် အထောက်အထားအခြေခံ သုတေသနများနှင့် ပြည်တွင်းက ဦးဆောင်သော အသိပညာဖလှယ်မှုများကို စုစည်း ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ ပါဝင်ပတ်သက်သူများအကြား ဆွေးနွေးမှုနှင့် ဖလှယ်မှုများကိုမြှင့်တင်၍ မြန်မာနိုင်ငံဆိုင်ရာကိစ္စရပ်များတွင် ကွဲပြားသော အမြင်များနှင့် သဘောထားများကို အသိအမှတ်ပြုသည့် ပြဿနာဖြေရှင်းရေးချဉ်းကပ်မှုကို အားပေးရန်အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အနှစ်သာရရှိသော ပံ့ပိုးမှုများ ပေးစွမ်းလာစေရန် အတွေးအခေါ် ပညာရှင်များ၊ လက်တွေ့လုပ်ဆောင်နေသူများနှင့် မူဝါဒချမှတ်သူများအကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် မိတ်ဖက်ပြုမှုများ အားကောင်းလာစေရေး ဆောင်ရွက်ရန်အတွက်လည်းကောင်း “ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ” ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁၄) ရက်တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
အဆိုပါအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် အသိပေးဖော်ပြချက်များကို လေ့လာသိရှိနိုင်ရန် အတွက် Website ကို www.myanmarnarrative.org ဖြင့် ၂၀၂၅ ခုနှစ်၊ မတ် (၁၀) ရက်တွင် စတင်လွှင့်တင်ထားရှိသည်။
အဆိုပါ Website တွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ထူးခြားပြောင်းလဲမှုများ၊ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ စိတ်နေသဘောထားများ၊ ရိုးရာယဉ်ကျေးမှုနှင့် တန်ဖိုးထားမှုများ၊ ဘာသာအယူဝါဒ ဓလေ့ထုံးတမ်းများ၊ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားပြောင်းလဲမှုများတွင် ပါဝင်ဆောင်ရွက်မှုများ၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဝတ်မပျက် အတူတကွ ယှဉ်တွဲနေထိုင်မှုများ၊ မြန်မာနိုင်ငံအပေါ် မဟုတ်မမှန် စွပ်စွဲပုတ်ခတ်ရေးသားပြောဆိုမှုများအပေါ် တန်ပြန်ချေဖျက် ပြောကြားမှုများ၊ မြန်မာ့ရေးရာ၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ အစရှိသည့် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းမွန်စေရန် ဖော်ညွှန်းရေးသားမှုများကို ဖော်ပြထားမည်ဖြစ်သည်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) နှင့် ပတ်သက်၍ အကြံပြုချက်များ ပေးပို့လိုလျှင်ဖြစ်စေ၊ Myanmar Narrative Website တွင် စာမူများ ရေးသားပေးပို့လိုလျှင်ဖြစ်စေ [email protected] သို့ အင်္ဂလိပ်ဘာသာဖြင့် ဆက်သွယ်ပေးပို့နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်