နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့

 

 

နေပြည်တော် မတ် ၂၆

 

မတ် ၂၇ ရက်တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ပါဝင်တက်ရောက်ကြမည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား တပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး ၁၅ ဦးနှင့်  ဇနီးခြောက်ဦးတို့ ကန်တော့ခံ တက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ တက်ရောက် ဂါရဝပြု ကန်တော့ကြသည်။  

 

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် က ဂါရဝပြုစကားပြောကြားရာတွင် တပ်မတော်၏  အစဉ်အလာနှင့် အညီ မိမိတို့အနေဖြင့် တပ်မတော်၏တာဝန်များကို လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ပြီး ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစား အရာရှိကြီးများသည် မိမိတို့၏ မိဘ ဆရာများပင်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှ စတင်၍ တပ်မတော်သည် တိုင်းပြည်အတွက်ဖြစ်ရမည်ဆိုသည့် စိတ်ဖြင့် အစဉ်အလာများကို ဆက်လက် ထိန်းသိမ်း  ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သကဲ့သို့ တပ်မတော်သားများသည် ပြည်သူလူထု၏ အစိတ်အပိုင်းများဖြစ်သဖြင့် ပြည်သူလူထု၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို  တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါအရင်းခံသည့်စိတ်ကို ယခင်အစဉ်အဆက် တပ်မတော်တာဝန်  ထမ်းဆောင်ခဲ့ကြသည့် တပ်မတော် အငြိမ်းစား အရာရှိကြီးများက  မွေးမြူ၍ လက်ဆင့်ကမ်းပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ “ရှင်ကြီး ဝမ်းလည်းဝင်ခဲ့ဖူးပြီ၊ ရှင်ငယ် ဝမ်းလည်းဝင်ခဲ့ဖူးပြီ”  ဟူသည့် ဆိုစကားအတိုင်း တပ်မတော်သည် ခေတ်အဆက်ဆက်တွင် ခေတ်စနစ်အမျိုးမျိုးကို တွေ့ကြုံခဲ့ရပြီးဖြစ်ပြီး တိုင်းပြည်ကို ဖြိုခွဲဖျက်ဆီးသော ပြည်တွင်း၊ ပြည်ပ ရန်စွယ် အန္တရာယ်အမျိုးမျိုးကို အကြိမ်ကြိမ် တွန်းလှန်ဖယ်ရှားခဲ့ ပြီးဖြစ်သကဲ့သို့ ပြည်ပကျူးကျော်မှု ကို ကာကွယ်ရေး၊ ပြည်တွင်းဆူပူ သောင်းကျန်းမှုကို တားဆီးရေးတို့ သာမက အမျိုး၊ ဘာသာ၊ သာသနာ နှင့် ယဉ်ကျေးမှုတို့ မပျောက်ပျက် ရေးတို့ကိုပါ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးလျက် ရှိသည့် တပ်မတော်ဖြစ်ကြောင်း၊ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို သင်ခန်းစာယူ၍ ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အကောင်းဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော် တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပြီး ယခုနှစ်ကုန်ကာလတွင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်၍ အနိုင်ရရှိသည့် ပါတီအားနိုင်ငံတော်၏ တာဝန်များကို စနစ်တကျပြန်လည် လွှဲပြောင်းပေးသွားမည် ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို တစိုက် မတ်မတ် ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူကအားကိုးရသည့် တပ်မတော်၊ တိုင်းပြည်က အားထားရသည့် တပ်မတော်ဖြစ်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

 

ကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူ

အငြိမ်းစားတပ်မတော်အရာရှိကြီးများအနေဖြင့် တပ်မတော်နေ့ ကျရောက်သည့် အခါသမယများ၌ ယခုကဲ့သို့ ကန်တော့ခံအခမ်းအနားများသို့ တက်ရောက်ချီးမြှင့်ပေးသည့်အတွက်လည်း ကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီ ယခုကဲ့သို့ အထက်အောက်ရိုသေ လေးစားမှုဖြင့် ကျေးဇူးတရားကို သိရှိစွာဂါရဝပြု ကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းတစ်ခုပင်ဖြစ်ပါကြောင်း၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၏ လမ်းညွှန်ဩဝါဒများကိုလည်း ခံယူလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီးများအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့် အညီ ရိုသေစွာဖြင့် ဂါရဝပြုကန်တော့ကြသည်။

 

mdn

 

ထို့နောက် ကန်တော့ခံ အငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့က ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း မိမိတို့ကဲ့သို့ တပ်မတော်အငြိမ်းစား အရာရှိကြီးများနှင့် ဇနီးများအား ဂါရဝပြုကန်တော့ခြင်းသည် တပ်မတော်၏ ကောင်းမြတ်သည့် ဂုဏ်ယူဖွယ် အစဉ်အလာကောင်း တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးဆောင်မှုဖြင့် တပ်မတော်၏ အရေးကိစ္စရပ်များအပြင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများတိုးတက်ရေးအတွက် နေ့မနား ညမအား ဆောင်ရွက်နေမှုကို အသိအမှတ်ပြုဂုဏ်ယူ အားပေးလျက်ရှိနေကြောင်း၊ တပ်မတော်သားများ အနေဖြင့်လည်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို နေ့မနား ညမအား တာဝန်ထမ်းဆောင်နေကြကြောင်း၊ တပ်မတော်သည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသား အားလုံး ပေါင်းစုနေထိုင်သည့် ပြည်ထောင်စုကြီး မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးနှင့် ပြည်တွင်းပြည်ပ အန္တရာယ်ရန်စွယ်ဟူသမျှကို တွန်းလှန်ကာကွယ်ခဲ့သည့် အစဉ်အလာကောင်းများရှိသော တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဖြစ်သဖြင့် တပ်မတော်၏ ကောင်းမြတ်သည့် သမိုင်းကြောင်း အစဉ်အလာ ကောင်းများကို ဆက်လက်ထိန်းသိမ်းကာ စွမ်းရည်စွမ်းအားမြှင့်တင်ရေးကို ဆတက်ထမ်းပိုး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကို တည်ဆောက်ရာတွင် တပ်မတော်အင်အားရှိရန် အဓိကအရေးကြီးကြောင်း၊ အခက်အခဲအကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့ရချိန်တွင်လည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးအမှူးပြုသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် အခြားဩဝါဒစကားများကို ပြောကြားကြသည်။

 

mdn

 

ဂါရဝပြုပေးအပ်

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေစွာဂါရဝ ပြုပေးအပ်ကြသည်။

 

mdn

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော် အရာရှိကြီးများသည် အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည့် အခမ်းအနား တက်ရောက်လာကြသည့် အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့် ဇနီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn