နေပြည်တော် မတ် ၂၆
“တွေ့ဆုံဆွေးနွေမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေး စကားဝိုင်း - Peace Talk 2025 တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။
ငြိမ်းချမ်းရေးစကားဝိုင်းသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော် အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မီဒီယာများ၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။
စကားဝိုင်းဆွေးနွေးပွဲ ပထမပိုင်း “နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ” တွင် သဘာပတိအဖြစ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကဆောင်ရွက်ပြီး “ရွေးကောက်ပွဲ၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး” ခေါင်းစဉ်ဖြင့် ဒေါက်တာအောင်မြတ်ဦးနှင့် ဒေါက်တာအေးမောင် တို့က ဦးဆောင် ဆွေးနွေးပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများဆွေးနွေးခြင်း၊ မေးခွန်း မေးမြန်းခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ “စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ” တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း) က ဆောင်ရွက်ပြီး “ရွေးကောက်ပွဲ၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးရေး” ခေါင်းစဉ်ဖြင့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း) နှင့် ဦးကိုကိုကြီးတို့က ဦးဆောင် ဆွေးနွေးပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ကြသည်။
ထို့နောက် စကားဝိုင်း ဆွေးနွေးခြင်း၊ စကားဝိုင်းအလိုက်ရရှိလာသည့် သဘောထားများကို တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အကြံပြုခြင်း၊ ဆွေးနွေးမေးမြန်းခြင်းနှင့် မေးမြန်းချက်များအပေါ် Speaker က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် ပိတ်ပွဲအခမ်းအနားကို ကျင်းပရာ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ ဆွေးနွေးချက် အကြောင်းအရာများအပေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) က ပြန်လည် သုံးသပ်ဆွေနွေးသည်။ ယင်းနောက် စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုင်ရာ ဆွေးနွေးချက် အကြောင်းအရာများအပေါ် စီးပွားရေးသုတေသီ ဒေါက်တာဇော်ဦးက ပြန်လည် သုံးသပ်ဆွေနွေးသည်။
ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်က နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍနှင့် စပ်လျဉ်း၍ သုံးရက်တာ ဆွေးနွေးပွဲရလဒ်များကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း) က စီးပွားရေးနှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ သုံးရက်တာဆွေးနွေးပွဲရလဒ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး မှတ်တမ်းတင်သည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲအဖွဲ့ (၁) ကိုယ်စား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (ကရင်ပြည်နယ်) ဒုတိယဥက္ကဌ (၂) နန်းစေအွာ နှင့် အဖွဲ့ (၂) ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က ကျေးဇူးတင်စကားများ ပြောကြားသည်။
ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ၃ ရက်တာ ငြိမ်းချမ်းရေး စကားဝိုင်းမှရရှိခဲ့သည့် သုံးသပ်ဖော်ထုတ်ချက်များနှင့် အကြံပြုချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်အတွက် အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ ရရှိခဲ့သည့် သုံးသပ်ဖော်ထုတ်ချက်များနှင့် အကြံပြုချက်များအား လက်တွေ့ပြန်လည် အသုံးချနိုင်ရန် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် NSPNC အနေဖြင့် ငြိမ်းချမ်းရေး စကားဝိုင်းများအား အခါအားလျော်စွာကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်