နေပြည်တော် ဧပြီ ၁၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင် မြေနေရာ၌ သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့် ဝန်ထမ်း ၈၀ နှင့် မိသားစုများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း ၆၀ နှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲအိမ်ရာများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မေလပထမပတ်အတွင်း ပြီးစီးအောင် တည်ဆောက် ကြရန်၊ ရေ၊ မီးရရှိရေးနှင့် မိလ္လာစနစ်ကောင်းမွန်စေရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနရုံး အဆောက်အအုံပြန်လည်ပြုပြင်နေမှုများ၊ ရုံးအဝင်လမ်းပြုပြင် ပြီးစီးမှု၊ ရုံးဝန်းကျင်ရှိ ဆည်တမံပြန်လည်ပြုပြင်နေမှု၊ ဝန်ထမ်းစားရိပ်သာ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များအား သောက်သုံးရေရရှိရေး အမြန်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အပြာရောင်အဆင့်သတ်မှတ်ထားပြီး လူနေထိုင်ရန်သင့်တော်သော အဆောင် များဖြစ်သည့် ကံ့ကော်ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၂၆၀)၊ သဇင် (၁) အဆောင် (၆) အပျိုဆောင်၊ သဇင် (၅) အဆောင် (၁၁) နှင့် အဆောင် (၁၂) လူပျိုဆောင်၊ သဇင် (၄) အဆောင် (၈) (၉) အပျိုဆောင်များ၊ တိုက်အမှတ် (၁၁၁၅)၊ တိုက်အမှတ် (၆၂၀၄) နှင့် တိုက်အမှတ် (၆၁၀၅) အရာထမ်းအိမ်ရာများသို့ သွားရောက်၍ အဆောက်အအုံများ၏ ထိခိုက်မှုအခြေအနေ၊ ဝန်ထမ်းများနေထိုင်ရန် အဆင်ပြေစိတ်ချရမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီးက ရုံးဖွင့်ဖွင့်ချင်း ဝန်ထမ်းများနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊ ရေ၊ မီးကိစ္စများ အဆင်ပြေ စေရေးနှင့် အသေးစားပျက်စီးမှုများကို အမြန်ပြုပြင်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်