နေပြည်တော် ဧပြီ ၁၉

 

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်း တံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှု ကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူ များသည် ကျောက်ဆည်မြို့အတွင်း ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (ကျောက်ဆည်)၊ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်စစ်ဆေးပြီး ယခုနှစ် ပညာသင်နှစ်အမီ ကျောင်းအပ်နှံလာမည့် ကျောင်းသား ကျောင်းသူများ ခန့်မှန်းအင်အားအတိုင်း စာသင်ဆောင်များ လုံလောက်မှုရှိစွာ ပညာသင်ကြားနိုင်ရေးနှင့် ပျက်စီးသွားသော စာသင်ဆောင်များ အမြန်ပြုပြင် နိုင်ရေး၊ ဝန်ထမ်းများ လုံခြုံစွာနေထိုင်နိုင်ရေးနှင့် စားသောက်မှုအဆင်ပြေစေရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ကျောက်ဆည်မြို့ ညောင်ခြောက်ပင်ရပ်ကွက် ပတ္တမြားလမ်းပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံများ ရှင်းလင်း နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်ရာ အဆောက်အအုံများ ပြန်လည်တည်ဆောက်ခွင့် တင်ပြလာချိန်တွင် ငလျင်ဒဏ် ရစ်(ခ်)တာစကေး ၈ အဆင့်အထိ ခံနိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ခွင့် ပြုရန်အတွက် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ SOP ကြိုတင်ရေးဆွဲထားရန်လိုအပ်ပြီး ရေးဆွဲထားသည့် SOP နှင့်အညီစိစစ်၍ ဆောက်လုပ်ခွင့်ပြုသွားရန်၊ ပြန်လည် တည်ဆောက်မှုများအပေါ် အသေးစိတ်စစ်ဆေးဆောင်ရွက်ရန်၊ မကြာမီမိုးတွင်းကာလ ရောက်ရှိတော့မည်ဖြစ်သည့် အတွက် ယာယီအဆောက် အအုံများဖြင့် နေထိုင်သူများအနေဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလာနိုင်၍ ဆေးဝါးများ ကြိုတင်ပြင်ဆင်ထားရန်၊ မိုးတွင်းကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ၊ ဆေးဝါးများ အသင့်ဖြစ်စေရေးနှင့် လူအသင့်၊ ပစ္စည်းအသင့်ဖြင့် စနစ်တကျ စုဖွဲ့ထားရှိရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်